ကင်နှင့် ထိပ်သီးဆွေးနွေးပွဲမှာ နှောင့်နှေးနိုင်ဟု ထရန့်ကပြောကြားခဲ့ပြီး နျူကလီးယား စခန်းဖျက်သိမ်းရေးအတွက် မြောက်ကိုရီးယားပြင်ဆင်

ကင်နှင့် ထိပ်သီးဆွေးနွေးပွဲမှာ နှောင့်နှေးနိုင်ဟု ထရန့်ကပြောကြားခဲ့ပြီး နျူကလီးယား စခန်းဖျက်သိမ်းရေးအတွက် မြောက်ကိုရီးယားပြင်ဆင်
Published 24 May 2018

မေ ၂၂ ရက်က ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ ထရန့် (ယာ)နှင့် တောင်ကိုရီးယားသမ္မတ မွန်း(ဝဲ) တို့ စကားပြောနေစဉ် (Photo - AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းနှင့် ကင်ဂျုံအွန်တို့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကျင်းပမည့် အရေးသည် နှောင့်နှေးနိုင်သည့်အကြောင်း မေ ၂၂ ရက်က သတိပေးခဲ့သည်။ သို့သော် ထရန့်က မြောက်ကိုရီးယားခေါင်းဆောင်သည် နျူကလီးယား လက်နက်ဖျက်သိမ်းမည့်ကိစ္စနှင့် ပတ်သက်၍ တည်ကြည်လေးနက်မှုရှိနေသည့်အကြောင်းကိုမူ အခိုင်အမာ ပြောကြားခဲ့သည်။

ထရန့်သည် မေ ၂၂ ရက်က အိမ်ဖြူတော်၌ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့်  တွေ့ဆုံစဉ် မြောက်ကိုရီးယားခေါင်းဆောင်နှင့် ထိပ်သီးဆွေးနွေးပွဲ ကြန့်ကြာနိုင်ကြောင်းပြောခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဘက်က သေချာပေါက် လိုလားတဲ့ အခြေအနေတွေရှိပါတယ်။ အဲဒါတွေ ဖြစ်လာမယ်လို့လည်း ကျွန်တော်တို့ ထင်ပါတယ်။ မဖြစ်လာဘူးဆိုရင်တော့ ဆွေးနွေးပွဲ လည်း ဖြစ်လာစရာမရှိပါဘူး” ဟု ထရန့်က ဆိုသည်။ ထရန့်သည် ကင်နှင့် ဆွေးနွေးပွဲဖြစ်မြောက်စေရေးအတွက် နိုင်ငံရေးအရများစွာ ရင်းနှီးမြှုပ်နှံထားခဲ့သည်။ ထို့ကြောင့် အမေရိကန်အစိုးရ အရာရှိအများစုသာမက ပြင်ပမှ စောင့်ကြည့်သူများကပါ ဆွေးနွေးပွဲ ဖြစ်မြောက်စေရန် တိတ်တဆိတ်လိုလားနေကြသည်။

“သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မသိနိုင်ပါဘူး။ ကျွန်တော်သဘောတူညီချက်တွေ အများကြီး လုပ်ဖူးတယ်” ဟု ထရန့်က ဆိုသည်။

နျူကလီးယားဖျက်သိမ်းလိုခြင်းနှင့် ပတ်သက်၍ မကြာသေးမီကမှ ချက်ချင်းသဘော ထားပြောင်းသွားသော မြောက်ကိုရီးယားက အမေရိကန်၏ တစ်ဖက်သတ် နျူကလီးယား လက်နက်ဖျက်သိမ်းရန် တောင်းဆိုချက်ကို ရှုတ်ချကာ တောင်ကိုရီးယားနှင့် ပြုလုပ်မည့် အဆင့်မြင့်အရာရှိဆွေးနွေးပွဲကို အနီးကပ်မှ ဖျက်သိမ်းလိုက်သည်။

သို့သော် ထရန့်ကမူ နျူကလီးယားကို လက်လွှတ်လိုက်ရန် ကင်၏ လိုလားမှုရှိနေခြင်းအပေါ် ယုံကြည်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။ “သူ့ဘက်က လေးလေးနက်နက်ရှိတယ်လို့ ကျွန်တော် တကယ်ကို ထင်ပါတယ်” ဟု ထရန့်ကပြောခဲ့သည်။ ယခုကဲ့သို့ ကင်၏ ရပ်တည်ချက်ပြောင်းလဲသွားရခြင်းမှာလည်း တရုတ်သမ္မတရှီကျင်ပင်း၏ ညွှန်ကြားချက်ကြောင့် ဖြစ်နိုင်သည်ဟု ထရန့်က ဆိုသည်။

“ကင်ဂျုံအွန် တရုတ်ကို ထွက်သွားပြီးမှ ကွဲလွဲမှုတစ်ခုဖြစ်လာတယ်။ ကျွန်တော် တောင်နည်းနည်း အံ့သြသွားတယ်။ အဲဒီ ဆွေးနွေးပွဲပြီးမှ ကိစ္စတွေ ပြောင်းလဲခဲ့တာလို့ ကျွန်တော်ထင်တယ်” ဟု ထရန့်က ဖြည့်စွက်ပြောကြားခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် အနေနှင့် လက်နက်စီမံကိန်းများကို စွန့်လွှတ်လိုက်ပါက အလွန်အမင်း ပျော်ရွှင်ရမည်ဖြစ်ကြောင်း ထရန့်က မက်လုံးပေးပြောကြားခဲ့သေးသည်။

 

နျူစမ်းသပ်ရေးစခန်း ဖျက်သိမ်းရန် မြောက်ကိုရီးယား ပြင်ဆင်

ထိုစဉ် မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်ရေးစခန်း ဖျက်သိမ်းရေးကို စောင့်ကြည့်ရန်အတွက် နိုင်ငံခြားဂျာနယ် လစ်များသည် မေ ၂၃ ရက်က မြောက်ကိုရီးယားသို့ စုဝေးရောက်ရှိလာကြပြီ ဖြစ်သည်။ နျူစခန်းဖျက်သိမ်းရေးကိုမူ ရာသီဥတုအခြေ အနေပေါ်မူတည်၍ မေ၂၃ ရက်မှ ၂၅ ရက်ကြား တစ်ချိန်ချိန်တွင် ပြုလုပ်မည် ဖြစ်သည်။

ပန်ဂျီရီ နျူကလီးယားစမ်းသပ်ရေးစခန်းသည် မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှု ခြောက်ခုစလုံးကို ပြုလုပ်ခဲ့သည်နေရာ ဖြစ်သည်။ မြောက်ကိုရီးယားသည် ဇွန် ၁၂  ရက်တွင်ပြုလုပ်မည့် ကင်-ထရန့် ထိပ်သီး မတိုင်မီ ကောင်းမွန်သော သဘောထားကို ပြသည့်အနေနှင့် ပန်ဂျီရီစခန်းကို ဖျက်သိမ်းရန် ဆောင်ရွက်ခြင်း ဖြစ်သည်။

ကယ်ဆယ်ရေးမစ်ရှင်

တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း၏ ယခု အိမ်ဖြူတော်ခရီးစဉ်သည် ရှားရှားပါးပါး သံတမန်ရေး အစပျိုးမှုတစ်ခုကို ကယ်တင်ရန် ကြိုးပမ်းမှုဟု ရှုမြင်နေကြသည်။

“သင့်ရဲ့ ငြိမ်းချမ်းရေးရရှိဖို့ အမြော်အမြင် အတွက်ရော ခိုင်မာတဲ့ ခေါင်းဆောင်မှုအတွက်ပါ ကျေးဇူးတင်ပါတယ်။ ဒါတွေ အားလုံး ဖြစ်နိုင်လာတယ်ဆိုတာ သင့်ကြောင့်ပါပဲ” ဟု မွန်းက အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် ထရန့် ကို ပြောကြားခဲ့သည်။

အပြောင်းအလဲမြန်လှသော သမ္မတများနှင့် တွေ့ဆုံရာတွင် နိုင်ငံ့ခေါင်းဆောင် သုံးလေ့ရှိသော ဗျူဟာဖြစ်သည့် မြှောက်ပင့် ချီးမွမ်းမှုကို ငြိမ်းချမ်းရေးလိုလားသော မွန်းဂျေအင်းကလည်း အသုံးပြုနေသည်။

ထရန့်-ကင် ထိပ်သီးအောင်မြင်ခြင်းသည် ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းကာ နျူကလီးယား အန္တရာယ်လည်း အဆုံးသတ်သွားစေမည် ဖြစ်သည်။

ဆွေးနွေးပွဲ မအောင်မြင်ခြင်းမှာမူ  မြောက်ကိုရီးယား နျူကလီးယားပြဿနာအား ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် မျှော်လင့်ချက်များအားလုံး အဆုံးသတ်သွားမည် ဖြစ်သည်။

Ref; AFP

Most Read

Most Recent