ဘော်စတွန်တွင် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သော လူသောင်းချီ ပါဝင်သည့် ချီတက်ပွဲကြီး ပြုလုပ်

ဘော်စတွန်တွင် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သော လူသောင်းချီ ပါဝင်သည့် ချီတက်ပွဲကြီး ပြုလုပ်
Published 21 August 2017

ဘော်စတွန်မြို့တွင် သြဂုတ် ၁၉ ရက် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးချီတက်ပွဲကြီးအား တွေ့ရစဉ် (Photo: AFP)

အမေရိကန်နိုင်ငံ ဘော်စတွန်မြို့၏လမ်းများပေါ်သို့ သြဂုတ် ၁၉ ရက်က လူမျိုးခွဲခြားမှု ဆန့်ကျင်သည့် ဆန္ဒပြသူ ထောင်ပေါင်းများစွာ စုပြုံရောက်လာခဲ့ကြရာ အဆိုပါနေ့မှာပင် ဘော်စတွန်၌ပြုလုပ်သည့် လူဖြူအမျိုးသားရေး ဝါဒီတို့၏ စုဝေးမှုမှာ သေးနုပ်သွားခဲ့သည်။ သို့သော် လွန်ခဲ့သည့်သီတင်းပတ်က ဗာဂျီးနီးယားဖြစ်စဉ်ကဲ့သို့ အကြမ်းဖက်မှုများကို ရှောင်ကြဉ်နိုင်ခဲ့ကြသည်။

“လွတ်လပ်စွာ ပြောဆိုခွင့်” ဟု အမည်ပေးထားသော လက်ယာစွန်းရောက်အုပ်စုများ၏ ဆန္ဒပြပွဲ မစတင်မီတွင် ပါဝင်မည့်သူ ဒါဇင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က လိုက်ပါ စောင့်ကြပ်ခဲ့သည်ဟု သိရသည်။ တန်ပြန်ဆန္ဒပြပွဲတွင်မူ လူပေါင်း ၄၀,၀၀၀ ကျော် ပါဝင်ခဲ့ပြီး လူ ၂၇ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ သို့သော် သြဂုတ် ၁၉ ရက် ညနေပိုင်းတွင် ထို ဆန္ဒဖော်ထုတ်ချီတက်ပွဲမှာ ဖြစ်စဉ်ကြီးကြီးမားမား မရှိဘဲ ပြီးဆုံးသွားသည်ဟု သိရသည်။

ဂျူးတစ်ဦးဖြစ်သော ထရန့်သမီး အီဗင်ကာထရန့်က လူမျိုးရေးခွဲခြားမှု၊ ဂျူးဆန့်ကျင်မှု နှင့် အမုန်းတရားများအား ငြိမ်းချမ်းစွာရှုတ်ချရန်အတွက် နိုင်ငံတစ်ဝန်းမှ လူထောင်ပေါင်းများစွာ တစုတဝေးတည်း ရောက်လာသည်ကို တွေ့ရသည်မှာ ကြည်နူးစရာဖြစ်သည်ဟု သြဂုတ် ၁၉ ရက်ညပိုင်းက Twitter ၌ ရေးခဲ့သည်။

ထိုဆန္ဒပြမှုသည် ယခုသီတင်းပတ်အကုန်တွင် ပြုလုပ်ရန်စီစဉ်ထားကြသည့် ဆန္ဒ ပြပွဲများစွာထဲမှ တစ်ခုဖြစ်သည်။

Most Read

Most Recent