ဆီးရီးယားအရေးအတွက် ရုရှားကမ္ဘာ့ဖလားဘောလုံးပွဲကို သပိတ်မှောက်ကြရန် HRW က တိုက်တွန်း

ဆီးရီးယားအရေးအတွက် ရုရှားကမ္ဘာ့ဖလားဘောလုံးပွဲကို သပိတ်မှောက်ကြရန် HRW က တိုက်တွန်း
Published 23 May 2018

မေ ၂၁ ရက်က Nizhny Novgorod ရှိ အားကစားရုံအပြင်ဘက်၌ ၂၀၁၈ ကမ္ဘာ့ဖလားလာဘ်ကောင်ရုပ်ကို တွေ့ရစဉ် (Photo - AFP)

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဆီးရီးယားပြည်သူများကို ကာကွယ်ပေးရန် မလုပ်ဆောင်ပါက လာမည့်လတွင် ကျင်းပမည့် ၎င်းအတွက် အရေးပါသည့် ကမ္ဘာ့ဖလားဘောလုံးပွဲ၏ ဖွင့်ပွဲသို့ ကမ္ဘာ့ခေါင်းဆောင်များက မတက်ရောက်ခြင်းဖြင့် သပိတ်မှောက်သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW ) က မေ ၂၂ ရက်တွင် တိုက်တွန်းခဲ့သည်။

ကမ္ဘာပေါ်တွင် လူကြည့်အများဆုံး အားကစားပွဲဖြစ်သည့် ကမ္ဘာ့ဖလားဘောလုံးပွဲကို ယခုနှစ်တွင် ရုရှားနိုင်ငံက ပထမဆုံး အကြိမ်လက်ခံကျင်းပမည် ဖြစ်သည်။ ရုရှားသည် ဆီးရီးယားသမ္မတ ဘာရှားအယ်အာ ဆတ်အား အဓိကထောက်ခံသူတစ်ဦးဖြစ်သည့်အပြင် ခုနစ်နှစ်ကြာ ပြည်တွင်းစစ်ပွဲအတွက် သြဇာအကြီးဆုံးသူဟု ခေါ်လျှင်လည်း မမှားနိုင်ပေ။

“ကမ္ဘာ့လူကြည့်အများဆုံး အခမ်းအနားတစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေချိန်မှာ ရုရှားဟာ လေးစားမှုတွေရဖို့ မျှော်လင့်နေမှာဖြစ်သလို ကမ္ဘာ့လူထုရဲ့ သဘောထားကိုလည်း စောင့်ကြည့်နေမှာ ဖြစ်ပါတယ်” ဟု HRW မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ကင်နက်ရော့သ်က ဆိုသည်။

“ပူတင်ဟာ လမ်းကြောင်းပြောင်းပြီး ဆီးရီးယားမှာဖြစ်ပွားနေတဲ့ ရုရှားနဲ့ဆီးရီးယားတပ်ဖွဲ့တွေရဲ့ ရက်စက်မှုတွေကို အဆုံးသတ်ဖို့ မလုပ်ဘူးဆိုရင် ဖွင့်ပွဲနေ့ကြရင် VIP အကန့်မှာ ပူတင်နဲ့အတူ မရှိနိုင်ဘူးဆိုတဲ့ အကြောင်းကို ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အချက်ပြသင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာဖလားပွဲကို ကမ္ဘာတစ်ဝန်းမှ ဘီလျံနှင့်ချီသော လူများက စောင့်ကြည့်ကြလိမ့်မည်ဟု မျှော်မှန်းရသည်။ ထိုစဉ် ဆီးရီးယားအရပ်သား၏ ဒုက္ခခံစားနေရမှုများအတွက် ရုရှားတွင် တာဝန်ရှိသည်ကို မမေ့လျော့သင့်ကြောင်း HRW က ပြောကြားခဲ့သည်။

ရုရှားသည် ဆီးရီးယားအစိုးရကို အဓိက လက်နက်တင်ပို့နေသည့် နိုင်ငံဖြစ်သည့် အပြင် ရုရှားတပ်ဖွဲ့များသည်  ဆီးရီးယား အစိုးရတပ်များနှင့် မဟာမိတ်ပြည်သူ့စစ်များကို ထောက်ပံ့မှုပေးနေသည်။

မကြာသေးမီက လုပ်ဆောင်ခဲ့သော ဒမတ်စကတ်အနီးမှ အရှေ့ပိုင်းဂိုတာ စစ်ဆင်ရေး အပါအဝင် ရုရှား-ဆီးရီးယားတို့ ပူးတွဲပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများအတွင်း အရပ်သားထောင်နှင့်ချီ သေဆုံးခဲ့ရကြောင်းကို နယူးယောက် အခြေစိုက် HRW အဖွဲ့က မှတ်တမ်းတင်ထားခဲ့သည်။

နောက်ထပ်ပြုလုပ်ဦးမည့် ၎င်းတို့၏ စစ်ဆင်ရေးများတွင်လည်း သန်းနှင့်ချီသော အရပ်သားများသည် တူညီသော အဖြစ်ဆိုးမျိုးနှင့် ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း HRW အမှုဆောင်ဒါရိုက်တာ ရော့သ်က သတိပေးခဲ့ပြီး အထူးသဖြင့်စစ်တပ်က မထိန်းချုပ်နိုင်သေးသော အိုင်ဒလစ်ပြည်နယ်တွင် ဖြစ်လာနိုင်ကြောင်း ထောက်ပြခဲ့သည်။ “ဆီးရီးယားက ရက်စက်ကြမ်းကြုတ်မှုတွေကို အရောင်တင်ပေးမယ့် အားကစားပွဲတစ်ခု ဖြစ်လာမှာကို ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ ခွင့်မပြုပေးသင့်ပါဘူး” ဟု ၎င်းက ပြောကြားသွားခဲ့သည်။

Ref ; AFP

Most Read

Most Recent