ထိုင်းစစ်အုပ်ချုပ်ရေး လေးနှစ်ပြည့် နှစ်ပတ်လည်ဆန္ဒပြပွဲများ၌ ဆန္ဒပြခေါင်းဆောင်များ ဖမ်းဆီးခံရ

ထိုင်းစစ်အုပ်ချုပ်ရေး လေးနှစ်ပြည့် နှစ်ပတ်လည်ဆန္ဒပြပွဲများ၌ ဆန္ဒပြခေါင်းဆောင်များ ဖမ်းဆီးခံရ
Published 23 May 2018

မေ ၂၂ ရက်က ဘန်ကောက်ရှိ Thammasat တက္ကသိုလ်အပြင်ဘက်၌ စစ်အစိုးရအား ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်တွေ့နေစဉ် (Photo - AFP)

မေ ၂၂ ရက်သည် ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေးစတင်ခဲ့သော လေးနှစ်ပြည့်နှစ်ပတ်လည်နေ့ ဖြစ်သည်။ ထိုနေ့က စစ်အစိုးရ ဆန့်ကျင်သော ဆန္ဒပြသူများသည် ဘန်ကောက်ရှိအစိုးရ ရုံးစိုက်ရာနေရာသို့ချီတက်ရန် ကြိုးပမ်းကြရာ ရဲများက ပိတ်ပင်တားမြစ်မှုများ လုပ်ဆောင်ခဲ့ကြပြီး ဆန္ဒပြခေါင်းဆောင်များကို ဖမ်းဆီးခဲ့ကြသည်။ ယင်းဖြစ်စဉ်သည် ထိုင်းနိုင်ငံကို  စစ်တပ်က အုပ်ချုပ်နေသည့်ကာလတစ်လျှောက် ပြည်သူတို့၏ ဆန့်ကျင်မှုကို ပြသသည့် အကြီးဆုံးဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲအတွင်း ရာနှင့်ချီသော ကျောင်းသားတက်ကြွလှုပ်ရှားသူများ၊ ဖြုတ်ချခံအရပ်သားအစိုးရကို ထောက်ခံသည့် လူလတ်ပိုင်းရှပ်နီများသည် စာတန်းများ၊ ထိုင်းအလံများ၊ ထိုင်းဝန်ကြီးချုပ်ကို ပီနိုချီယို (လိမ်ပြောလျှင် နှာခေါင်းရှည်ထွက်လာလေ့ရှိသည့် ကာတွန်းဇာတ်ကောင်) အဖြစ် လှောင်ပြောင်ထားသည့် ကာတွန်းပုံများအား ကိုင်ဆောင်ဆန္ဒပြခဲ့ကြသည်။

၂၀၁၄ ခုနှစ် မေ ၂၂ ရက်က ရွေးကောက်ခံ ယင်လက်ရှင်နာဝပ် အစိုးရကို စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစပြီး နိုင်ငံတွင် နိုင်ငံရေး စုဝေးမှုများပြုလုပ်ခြင်းကို ပိတ်ပင်ခဲ့သော်လည်း စစ်အစိုးရနှင့် ပတ်သက်၍ပူပင်မှုများ တအုံနွေးနွေး ဖြစ်ပေါ်နေသည်။ ထိုစဉ် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လာမည့်နှစ် ဖေဖော်ဝါရီတွင် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ရိုးတိုးရိပ်တိပ် ပြောထားသည်။ သို့သော် ထိုင်းနိုင်ငံတွင် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ပွဲများ ပြုလုပ်ပေးမည်ဟု ဝန်ကြီးချုပ်ပရာယွတ်၏ ယခင်က ပေးခဲ့သောကတိများ ချွတ်ချော်ခဲ့ရသည် မှာအကြိမ်ပေါင်းများစွာရှိခဲ့ပြီ ဖြစ်သဖြင့် ထိုင်းလူ့အဖွဲ့အစည်းမှ အလွှာအသီးသီးတွင် စိတ်ကုန်နေကြပြီ ဖြစ်သည်။

“အာဏာသိမ်းမှု ဖြစ်ပွားတာ လေးနှစ်ရှိပါပြီ။ အခုအချိန်ဟာ အပြောင်းအလဲလုပ်ဖို့ အချိန်ရောက်ပြီလို့ ကျွန်တော်ထင်ပါတယ်” ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် ရန်စီမန်ရွမ်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့လည်း ဆန္ဒမပြချင်ပါဘူး။ ဒါဟာ ပူလည်းပူတယ်။ ပင်လည်းပင်ပန်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသံကို သူတို့နားထောင်အောင်လုပ်ဖို့ ဒီတစ်နည်းပဲ ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ အာဏာရှင်ဆန်သော ဝန်ကြီးချုပ်နာဂျစ်ရာ ဇက်ကိုရာထူးမှ ဖယ်ရှားနိုင်ခဲ့သော အိမ်နီးချင်း မလေးရှားနိုင်ငံ၏ ရွေးကောက်ပွဲများက ယခုကဲ့သို့ ဆန္ဒပြမှုများ ဖြစ်ပေါ်စေရန် စေ့ဆော်မှုများ ရရှိခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ဆန္ဒပြသူများသည် Thammasat  တက္ကသိုလ်တွင် ညပိုင်းကတည်းက စခန်းချခဲ့ကြခြင်း ဖြစ်သည်။ Thammasat တက္ကသိုလ်သည် သမိုင်းတစ်လျှောက် ဒီမိုကရေစီဆန္ဒပြမှုများ၏ ဗဟိုချက်ဖြစ်ပြီး ထိုနေရာတွင် စစ်တပ်၏ သွေးစွန်းသော ဖြိုခွင်းမှုများစွာ ဖြစ်ပွားခဲ့သည်။

“ကျွန်တော်ကို စိတ်ကောင်းဝင်နေလားလို့ မေးရင် ဝင်နေတယ်လို့ ပြောရမှာပဲ” ဟု ပရာယွတ်က သတင်းထောက်များကို ဖြေကြားခဲ့သည်။ ထို့ပြင် ပရာယွတ်သည် ၎င်း၏ အုပ်ချုပ်မှုကို ဆူဆူညံညံ ဆန့်ကျင် ဆန္ဒပြနေမှုနှင့် ပတ်သက်၍လည်း မတုန်မလှုပ် ဖြစ်နေသည်။ “ဒီနေ့ဟာ မေ ၂၂ ရက် ပါ။ ၂၀၁၄ ခုနှစ်ကတည်းက ကျွန်တော် ဘာတွေလုပ်ခဲ့သလဲဆိုတာ ပြန်ဆန်းစစ်မယ်ဆိုရင် အများကြီး လုပ်ခဲ့တာတွေ ရှိပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ကို ပိုပြီးတောင် ထောက်ခံရမှာပါ” ဟု ပရာယွတ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လိုချင်တာ ရွေးကောက်ပွဲတွေပဲ။ လာမယ့် ဖေဖော်ဝါရီမှာ ရွေးကောက်ပွဲကျင်းပဖို့ ဘာအာမခံချက်မှ မပေးထားဘူး” ဟု အသက် ၃၀ အရွယ် ဆန္ဒပြခေါင်းဆောင် အနူသီဒီသီဗာပွန်က ဆိုခဲ့သည်။

Ref ; AFP

Most Read

Most Recent