အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးသည် မီးကို ဓာတ်ဆီဖြင့်လောင်းသလို ဖြစ်လိမ့်မည်ဟု မြောက်ကိုရီးယားက သတိပေး

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးသည် မီးကို ဓာတ်ဆီဖြင့်လောင်းသလို ဖြစ်လိမ့်မည်ဟု မြောက်ကိုရီးယားက သတိပေး
Published 21 August 2017

 

သြဂုတ် ၁၅ ရက်က အစိုးရမီဒီယာမှ ထုတ်ပြန်ခဲ့သည် ဓာတ်ပုံထဲ၌ စစ်တပ်အား လာရောက်စစ်ဆေးနေသည့် ခေါင်းဆောင် ကင်ဂျုံအွန်အား တွေ့ရစဉ် (Photo: AFP)

နှစ်စဉ်ကျင်းပနေကျ တောင်ကိုရီးယား နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုကြီးကို ယခုနှစ်တွင် လုပ်ဆောင်မည်ဆိုပါက အမေရိကန်သည် မီးကို ဓာတ်ဆီဖြင့် ထပ်လောင်းသလို ဖြစ်လိမ့်မည်ဟု မြောက်ကိုရီးယားက သြဂုတ် ၂၀ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် အမေရိကန်ပိုင် ဂူအမ်ကျွန်းသို့ ဒုံးကျည်နှင့်ပစ်မည့် အစီအစဉ်ကို ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ရပ်ဆိုင်းလိုက်သည်။ သို့သော် အမေရိကန်၏ နောက်ထပ်ခြေလှမ်းအပေါ်မူတည်ပြီး ဂူအမ်သို့ ဒုံ ကျည် ပစ်မပစ်ကို ဆုံးဖြတ်မည်ဟု မြောက်ကိုရီးယားက သတိပေးထားသည်။ ထိုကဲ့သို့ မြောက်ကိုရီးယားက အကြီးအကျယ် ခြိမ်းခြောက်နေသည့်ကြားမှ အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် Ulchi freedom Guardian (UFG) စစ်ရေးလေ့ကျင့်မှုကြီးကို သြဂုတ် ၂၁ ရက်တွင် စတင်မည်ဖြစ်သည်။ မြောက်ကိုရီးယားက ၎င်းတို့ကို ကျူးကျော်ရန် ပြင်ဆင်နေသည်ဟုရှုမြင်သော ထိုစစ်ရေးလေ့ကျင့်မှုကြီးထဲတွင် တပ်ဖွဲ့ဝင်ထောင်နှင့်ချီပြီး ပါဝင်မည်ဖြစ်သည်။

“ဒီ စစ်ရေးလေ့ကျင့်မှုကြီးဟာ ကျွန်တော်တို့အပေါ် ရန်လိုနေတဲ့အကြောင်းကို အပွင့်လင်းဆုံး ပြသလိုက်တာဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကြီးဟာ တကယ်အစစ်အမှန် တိုက်ပွဲအဖြစ် ပြောင်းမသွားဘူးလို့ ဘယ်သူကမှ အာမမခံပေးနိုင်ပါဘူး” ဟု မြောက်ကိုရီးယား၏ အစိုးရသတင်းစာ ရိုဒေါင်ရှင်မွန်၏ အယ်ဒီတာ့အာဘော်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ “ Ulchi freedom Guardian ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ မီးကို ဓာတ်ဆီနဲ့ ထပ်လောင်းသလိုဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်ရဲ့ အခြေအနေကို ပိုပြီးဆိုးရွားလာစေလိမ့်မယ်” ဟုလည်း ရေးသားထားသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ယခုစစ်ရေးလေ့ကျင့်မှုတွင် လေယာဉ်တင် သင်္ဘောကြီးနှစ်စင်းကို ထည့်သုံးမည့် ကနဦးအစီအစဉ်အား ဖျက်သိမ်းရန် စဉ်းစားနေသည်ဟု သိရသည်။

တောင်ကိုရီးယားဘက်မှ ထိပ်တန်းစစ်တပ် အရာရှိတစ်ဦးက လက်ရှိကိုရီးယားကျွန်းဆွယ် အခြေအနေသည် မည်သည့်အချိန်ကထက်မဆို စိုးရိမ်စရာဖြစ်နေသည်ဟု သြဂုတ် ၂၀ ရက်မှာပင် ပြောကြားခဲ့သည်။ “ရန်သူက ရန်စလာမယ်ဆိုရင်တော့ ကျွန်တော့်စစ်တပ်ဟာ ရန်သူတွေကို ဆိုးဆိုးရွားရွား နောင်တရအောင် လက်တုံ့ပြန်ရမှာဖြစ်ပါတယ်” ဟု တပ်ပေါင်းစုအကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျောင်ကျောင်ဒိုက ပြောကြားခဲ့သည်။

Most Read

Most Recent