အီရန်အား သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှုများ ချမှတ်သွားမည်ဟု အမေရိကန် သတိပေး

အီရန်အား သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှုများ ချမှတ်သွားမည်ဟု အမေရိကန် သတိပေး
Published 23 May 2018

စီအိုင်အေဒါရိုက်တာသစ် ဟာစပယ်(ဝဲ)က နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို၊ သမ္မတဒေါ်နယ်ထရန့်၊ ဒုတိယသမ္မတ ပင့်စ်ရှေ့တွင် ကျမ်းသစ္စာကျိန်ဆိုနေစဉ် (Photo - AFP)

တီဟီရန်သည် သမိုင်းတစ်လျှောက်တွင် အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မေ ၂၁ ရက်တွင် သတိပေးခဲ့ပြီး အီရန်နှင့် စီးပွားရေးဆက်လက်လုပ်ကိုင်မည့် ဥရောပကုမ္ပဏီများကိုလည်း သတိပေးခဲ့ရာ အီရန်နျူကလီးယားသဘော တူညီချက်မှ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း ဝါရှင်တန်၏မူဝါဒကို ထပ်မံတင်းကျပ်ခဲ့ခြင်း ဖြစ်သည်။

အီရန်အပေါ် သဘောထားတင်းမာပြီး ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားသဘောတူ ညီချက်အား ပြင်းပြင်းထန်ထန်ဆန့်ကျင်သူ တစ်ဦးဖြစ်သည့် စီအိုင်အေဒါရိုက်တာဟောင်း ပွန်ပီယိုက နိုင်ငံခြားရေးဝန်ကြီးသစ်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ပထမဆုံးပြောကြားခဲ့သော ပြည်ပရေးရာမူဝါဒမိန့်ခွန်းတွင် တီဟီရန်အား တန်ပြန်ရန်အတွက် အရေးယူဆောင် ရွက်မှုအစီအစဉ် တသီတတန်းကို အကြမ်းဖျင်းဖော်ပြခဲ့သည်။ “ကျုပ်တို့က အီရန်အစိုးရကို မကြုံစဖူး ဘဏ္ဍာရေးဖိအားတွေ ပေးသွားမယ်။ တီဟီရန်မှာရှိတဲ့ခေါင်းဆောင်တွေက ကျုပ်တို့ရဲ့ အလေးအနက်ပြောစကားတွေကို သံသယဝင်မှာ မဟုတ်ပါဘူး” ဟု ပွန်ပီယိုက ပညာရှင်များအဖွဲ့ Heritage Foundation ၌ ပြောကြားခဲ့သည်။

ပွန်ပီယို၏ ခြိမ်းခြောက်မှုများအား အီရန်သမ္မတဟက်ဆန်ရိုဟာနီက ချက်ချင်းပင် ပယ်ချခဲ့ပြီး ကမ္ဘာပေါ်ရှိ ကျန်သောနိုင်ငံများသည် အမေရိကန်က ၎င်းတို့၏ကိုယ်စား ဆုံးဖြတ်ချက်များ ချနေမှုကို လက်သင့်မခံတော့ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။ “အီရန်နဲ့ ကမ္ဘာကြီးအတွက် ဆုံးဖြတ်ရအောင် ခင်ဗျားက ဘယ်သူလဲ။ ကနေ့ခေတ်မှာ အမေရိကန်က ကမ္ဘာကြီးအတွက် ဆုံးဖြတ်ချက်ချနေတာကို ကမ္ဘာကြီးက လက်မခံသင့်တော့ပါဘူး။ နိုင်ငံတွေမှာ သူတို့ဟာသူတို့ လွတ်လပ်ခွင့်ရှိပါတယ်” ဟု ရိုဟာနီ၏ ပြောကြားခဲ့မှုကို အီရန်သတင်းဌာနအများအပြားက ဖော်ပြခဲ့ကြသည်။

၎င်းတို့၏ ပဲ့ထိန်းဒုံးစီမံကိန်းများအား အဆုံးသတ်ခြင်းနှင့် ယီမင်မှသည် ဆီးရီးယားအထိ ဒေသဆိုင်ရာပဋိပက္ခများတွင် ဝင်ရောက်စွက်ဖက်နေခြင်းများအား အီရန်က အဆုံးသတ်ပါက အမေရိကန်က ပိတ်ဆို့အရေးယူမှုသစ်များကို ဖယ်ရှားပေးမည်ဖြစ်ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီနှင့် ရုရှားတို့ကပါ လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်သည် အီရန်၏ နျူကလီးယားအစီအစဉ်အား ဟန့်တားရန် မလုံလောက်ကြောင်း ထရန့်က ဝေဖန် အပြစ်တင်ခဲ့ပြီး ၎င်း၏ ပြင်းထန်သော မူဝါဒများအား ဥရောပနှင့် အခြားနိုင်ငံများက လက်ခံလာစေရန် ကြိုးပမ်းနေသည်။

တီဟီရန်နှင့်ရယူမည့် မည်သည့်သဘောတူညီချက်သစ်မဆိုတွင် အီရန်က အရှေ့အလယ်ပိုင်းဒေသ၌ လွှမ်းမိုးနိုင်ရန်အတွက် စိတ်ကြိုက်လုပ်ဆောင်ခွင့် မရရှိစေရန် ဝါရှင်တန်၏ တင်းမာသောသတ်မှတ်ချက် ၁၂ ချက်ကို ပွန်ပီယိုက ထုတ်ပြန်ခဲ့သည်။

ပွန်ပီယို၏မှတ်ချက်များသည် ၂၀၁၃ ခုနှစ်တွင် အမေရိကန်က အီရတ်အား မကျူးကျော်မီ သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ် အစိုးရက ထုတ်ပြန်ခဲ့သည့် မှတ်ချက်များနှင့် ဆင်တူနေကြောင်း ရိုဟာနီက နှိုင်းယှဉ်ပြခဲ့သည်။ အီရန်၏ ရန်ဘက်ဖြစ်သော အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပွန်ပီယို၏ မှတ်ချက်များအား ကြိုဆိုခဲ့ပြီး ကျန်သောနိုင်ငံများက လိုက်ပါဆောင်ရွက်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်မည်ဖြစ်သောကြောင့် ဥရောပ ကုမ္ပဏီများသည် အီရန်တွင် ရင်းနှီးမြှုပ်နှံရန် သို့မဟုတ် အမေရိကန်နှင့် ကုန်သွယ်ရန်တို့အနက် တစ်ခုခုကို ရွေးချယ်ရတော့မည် ဖြစ်သည်။ လက်တွေ့အခြေအနေတွင်မူ ရွေးချယ်စရာမရှိဘဲ ဥရောပကုမ္ပဏီများသည် အမေရိကန်ဈေးကွက်အား ကျောခိုင်းရန် မတတ်နိုင်သည့် အနေအထားဖြစ်သည်။

Ref; AFP

Most Read

Most Recent