ဒီအာကွန်ဂိုတွင် အီဘိုလာကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ ၂၆ ဦးအထိ မြင့်တက်လာ

ဒီအာကွန်ဂိုတွင် အီဘိုလာကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ ၂၆ ဦးအထိ မြင့်တက်လာ
Published 22 May 2018

မေ ၂၀ ရက်က အမ်ဘန်ဒါကာရှိ ဝမ်ဂါတာဆေးရုံသို့ ဝင်သွားသော နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ အဖွဲ့ဝင်များကို တွေ့ရစဉ် (Photo – AFP)

ဒီအာကွန်ဂို အနောက်မြောက်ပိုင်းရှိ  အမ်ဘန်ဒါကာမြို့တွင် အီဘိုလာကူးစက်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီးနောက် ထိုရောဂါကြောင့် သေဆုံးသူသည် ၂၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး အိုလီအီလန်ဂါက မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

မေ ၂၀ ရက်တွင် လူတစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ အီဘိုလာဗိုင်းရပ်စ်ကြောင့် မေ ၁၉ ရက်တွင် နာမကျန်းဖြစ်ခဲ့သည့် အခြားလူနှစ်ဦးသည် ကုသမှုခံယူပြီးနောက် ၎င်းတို့၏ မိသားစုများထံ ပြန်သွားခဲ့ပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုလူနှစ်ဦးသည် မေ ၈ ရက်က အီဘိုလာကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပွားကြောင်း ကြေညာခဲ့သည့် ဝေးလံခေါင်သီသော ကျေးလက်ဒေသဖြစ်သည့် ဘီကိုရို၌ ရောဂါကူးစက်ခံခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။

လတ်တလောတွင် အီဘိုလာကူးစက်ဖြစ်ပွားမှု စုစုပေါင်း ၄၉ မှု ရှိခဲ့ပြီး ယင်းတို့အနက် ၂၂ မှုအား ဓာတ်ခွဲခန်းစမ်းသပ်ချက်များဖြင့် အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ၂၁ မှုမှာမူ ကူးစက်မှု ဖြစ်နိုင်ခြေရှိဟု ယူဆထားပြီး ကူးစက်ခံရသည်ဟု သံသယရှိမှု ခြောက်မှုရှိခဲ့ကြောင်း သိရသည်။

ဒီအာကွန်ဂိုရှိ တာဝန်ရှိသူများသည် အီဘိုလာရောဂါ စမ်းသပ်ဆေးဝါးတစ်မျိုးအား ကူးစက်လူနာများအား ပထမဆုံးထိ တွေ့ကိုင်တွယ်ရသူများထံ ထိုးနှံသည့် အစီအစဉ်ကို မေ ၂၁ ရက်တွင် စတင်ခဲ့သည်။ ထိုကာကွယ်ဆေးထိုးနှံမှုအား ဘီကိုရိုဒေသတွင် မေ ၁၉ ရက်၌ စတင်ခဲ့ပြီး မေ ၂၁ ရက်တွင် အမ်ဘန်ဒါကာ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Ref ; AFP

Most Read

Most Recent