ကဘူးတွင် တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်မည်ဖြစ်သဖြင့် အရပ်သားများ ဘေးကင်းရာသို့ ရှောင်ကြရန် တာလီဘန်အဖွဲ့က သတိပေး

ကဘူးတွင် တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်မည်ဖြစ်သဖြင့် အရပ်သားများ ဘေးကင်းရာသို့ ရှောင်ကြရန် တာလီဘန်အဖွဲ့က သတိပေး
Published 22 May 2018

မေ ၁၉ ရက်က ဖာရာပြည်နယ်တွင် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေစဉ် (Photo - AFP)

တာလီဘန်စစ်သွေးကြွများက အာဖဂန်နစ္စတန် နိုင်ငံ၏မြို့တော် ကဘူးကို တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်ရန် စီစဉ်ထားသဖြင့် မြို့နေပြည်သူများသည် မြို့ထဲရှိ စစ်စခန်းများမှ ဝေးဝေးနေကြရန် မေ ၂၁ ရက်တွင် သတိပေးထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့သည့် ဖာရာမြို့အား သိမ်းပိုက်ရန် ကြိုးပမ်းမှု ဖြစ်စဉ်အပါအဝင် တာလီဘန်တို့သည် ယခင်ကလည်း အရပ်သားများအား အလားတူသတိပေးချက်မျိုး ထုတ်ပြန်ခဲ့ဖူးသည်။ သို့သော်လည်း မြို့တော် ကဘူးအတွက် ရည်ရွယ်ပြီး သတိပေးချက်ထုတ်ပြန်ချက်မှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်နိုင်သည်။

အစောင့်အကြပ်ထူထပ်စွာ ချထားသော မြို့တော်ကဘူးတွင် IS အုပ်စုကလည်း တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည်။ ကဘူးမြို့သည် အာဖဂန်တစ်နိုင်ငံလုံးတွင် အရပ်သားသေဆုံးမှု အများဆုံးနေရာတစ်ခုဖြစ်နေကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်က ဆိုထားသည်။

နှစ်စဉ်လုပ်ဆောင်နေကျ နွေဦးထိုးစစ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရန်သူ့စစ်တပ်နှင့် ထောက်လှမ်းရေးစင်တာတို့ကို တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်သွားရန် စီစဉ်ထားသည်ဟု တာလီဘန်တို့က ပြောကြားခဲ့သည်။ “ဒါကြောင့် အရပ်သားသေဆုံးဒဏ်ရာရမှုတွေကို ရှောင်ရှားပြီး ရန်သူ့စစ်တပ်ကိုပဲ ထိခိုက်စေဖို့အတွက် ကဘူးဒေသခံတွေကို ဝေးဝေးမှာနေကြဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်မဲ့ပြည်သူ တစ်ဦးတစ်ယောက်ကိုတောင် မသေစေလိုပါဘူး” ဟု တာလီဘန်တို့၏ အွန်လိုင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

သို့သော် စစ်ရေးနှင့် ထောက်လှမ်းရေးစင်တာဆိုသည်မှာ မည်သည်ကို ညွှန်းဆိုကြောင်း ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့ပေ။ လူစည်ကားများပြားလှသောမြို့တော် ကဘူးသည် ထောက်လှမ်းရေး၊ အစိုးရနှင့် စစ်ဘက်ရုံးများ ရုံးစိုက်ရာ နေရာတစ်ခုဖြစ်သည့်အပြင် နေရာအနှံ့ရှိနေသော စစ်ဆေးရေးဂိတ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများလည်း အဖြစ်များလှသည့်အတွက် တာလီဘန်တို့ သတိပေးသည့် နေရာများအား ရှောင်ရှားရန် ခက်ခဲလှသည်။

“ဘယ်လိုတိုက်ခိုက်မှုမျိုး၊ ဘယ်လိုဖောက်ခွဲမှုမျိုးမဆို အသေးစားဖြစ်ရင်တောင်မှပဲ အရပ်သား သေဆုံးဒဏ်ရာရမှုကို ဖြစ်စေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့ထဲက စစ်ဘက်ဌာနတွေရှိတဲ့နေရာတွေ အနီးမှာ လူနေအိမ်တွေလည်း ရှိနေလို့ပဲဖြစ်ပါတယ်” ဟု နိုင်ငံရေးနှင့် စစ်ရေးကျွမ်းကျင်သူ နစ်မိုဟာမက်က ပြောကြားခဲ့သည်။

ထို့ပြင် တာလီဘန်တို့၏ ယခုထုတ်ပြန်ချက်သည် ဝါဒဖြန့်ချိရေးသက်သက်ဖြစ်သည် ဟုလည်း ၎င်းက သုံးသပ်ခဲ့သေးသည်။ “မြို့တွေကို တိုက်မယ်ဆိုရင် သေချာပေါက် အရပ်သားတွေကို သတ်မိမှာပဲ။ ရှောင်လွှဲလို့မရပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုစဉ် နိုင်ငံတောင်ပိုင်းကန်ဒါဟာတွင် ဒေါ်လာဘီလျံနှင့်ချီ တန်ဖိုးရှိသော ဓာတ်ငွေ့ပိုက်လိုင်းအတွက် နေရာရှင်းလင်းမှုများ ပြုလုပ်နေသော မိုင်းရှင်းလင်းရေးပညာရှင်ငါးဦးကို တာလီဘန်တို့က သတ်ပစ်သည်ဟု အစိုးရ အရာရှိများက ဆိုသည်။ တာမင့်နစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ လေးနိုင်ငံပါသော TAPI ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် ပူးပေါင်းမည်ဟု တာလီဘန်တို့က ကတိပေးထားစဉ် ယခုဖြစ်ရပ်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Ref ; AFP

Most Read

Most Recent