<

အာတိတ်ဒေသ၌ ရုရှား၏ ရေနံရှာဖွေမှုကို စွမ်းအင်ပံ့ပိုးမည့် ကမ္ဘာ့ပထမဆုံး ရေပေါ် နျူကလီးယားစွမ်းအင်စက်ရုံ

မေ ၁၉ ရက်က ရုရှားမြောက်ပိုင်းရှိ ဆိပ်ကမ်းမြို့ Murmansk ၌ ရေပေါ်နျူကလီးယားစွမ်းအင်စခန်း Akademik Lomonosov အား တွေ့ရစဉ် (Photo: AFP)

ဝေးလံသော အာတိတ်ဒေသတို့၌ ရေနံရင်းမြစ်များ ဖွံ့ဖြိုးစေရန် စေ့ဆော်မှုနှင့်အညီ ပိုမိုကြီးထွားလာသော လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ရုရှားသည် ရေပေါ်နျူကလီးယား စွမ်းအင်စခန်းတစ်ခုကို တည်ဆောက်ခဲ့သည်။ ဝေဖန်သူများကမူ ထိုစီမံကိန်းအား ‘ရေခဲပြင်ပေါ်မှ ချာနိုဘိုင်း’ ဟု ခေါ်ကြသည်။

Akademik Lomonosov ဟု အမည်ပေးထားသော ရေပေါ်စွမ်းအင်စခန်းကို စိန့်ပီတာစဘတ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ နျူကလီးယားလောင်စာများကို သယ်ဆောင်ထားသော Akademik Lomonosov သည် ဆိုက်ဘေးရီးယား အရှေ့ခြမ်းသို့မသွားမီ လက်ရှိတွင် Murmansk မြို့၌ ကြိုးဖြင့်ဆိုင်း၍ ဆိုက်ကပ်ထားသည်။

အညိုနှင့် အ၀ါရောင်သုတ်ထားသော ရေပေါ်နျူကလီးယား စွမ်းအင်စခန်းကို Murmansk မြို့ မြစ်ဝ၌ အစိုးရပိုင် နျူကလီးယား စွမ်းအင်လုပ်ငန်းကြီး Rosatom က မေ ၁၉ ရက်တွင် သံစုံတီးဝိုင်းဖြင့် ထုတ်ဖော်ပြသခဲ့သည်။ ထိုစွမ်းအင်စခန်းသစ်ကြီးသည် ကမ္ဘာသစ်တွင် ပထမဆုံးဟု Rosatom အကြီးအကဲ အလက်ဇီလီခ်ဟာချိဗ်က ဂုဏ်ယူပြောကြားခဲ့ပြီး ယင်းသည် ကမ္ဘာစင်မြင့်ပေါ်မှ ရုရှားနျူကလီးယားစွမ်းအင်ကဏ္ဍနှင့် Rosatom ၏ ဦးဆောင်အနေအထားတို့ကို သိသာထင်ရှားစေသည်ဟုလည်း ဆိုခဲ့သည်။

Akademik Lomonosov သည် အရှည် ၁၄၄ မီတာ၊ အကျယ် ၃၀ မီတာ (၄၇၂ ပေ-၉၈ ပေ) ရှိ သော ၀မ်းပြားရေယာဉ်ပေါ်တွင် ၃၅ မီဂါဝပ်ရှိ နျူကလီးယားဓာတ်ပေါင်းဖိုနှစ်ခု တင်ထားခြင်းဖြစ်သည်။ လာမည့် ၂၀၁၉ ခုနှစ် နွေရာသီတွင် Akademik Lomonosov ကို ချူကော့ကာကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရှိ ပီဗက်ဆိပ်ကမ်းသို့ ကြိုးဖြင့်ဆွဲသွားမည်ဖြစ်သည်။ ချူကော့ကာဒေသသည် ရာသီဥတု ပြင်းထန်လှသော ရုရှားအရှေ့မြောက်ပိုင်းတွင် တည်ရှိသည်။

လူဦးရေ ၂၀၀၀၀၀ ရှိ မြို့တစ်မြို့အား လျှပ်စစ်ဓာတ်အားပေးရန် လုံလောက်သည့် Akademik Lomonosov သည် လူဦးရေ ၅၀၀၀ သာ နေထိုင်သည့် ရုရှားမြောက်ပိုင်း စွန်းမြို့ပီဗက်အတွက် စွမ်းအင်များစွာ ပိုလျှံနေမည်ဖြစ်သည်။ သို့သော် Akademik Lomonosov သည် နေအိမ်များကို လျှပ်စစ်မီးပေးရန် သက်သက်အတွက် ပီဗက်သို့ သွားခြင်းမဟုတ်ပေ။

ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ကို ရှာဖွေရန်အတွက် မြောက်ပိုင်းရှိ အာတိတ်ဒေသသို့ တိုး၍သွားနေသည့် ရုရှားသည် ဝေးလံခေါင်သီလှသော ထိုနေရာများ၌ အသုံးပြုရန် လျှပ်စစ်စွမ်းအင် လိုအပ်လာခဲ့သည်။

“စိတ်ကူးကတော့ လျှပ်စစ်စွမ်းအင် သိပ်များများစားစား မလိုအပ်တဲ့ ရုရှားအာတိတ်ဒေသမှာ အသုံးပြုဖို့ ရွေ့လျားစွမ်းအင်စက်ရုံငယ်မျိုး ဖြစ်ပါတယ်။ သမားရိုးကျစွမ်းအင်စခန်း တစ်ခုတည်ဆောက်ဖို့အတွက်ကျတော့ ရှုပ်ထွေးပြီး အကုန်အကျ များနေပြန်ပါတယ်” ဟု မော်စကိုမှ စွမ်းအင်နှင့် ဘဏ္ဍာရေး အင်စတီကျူ့ရှိ ဆာဂေးကွန်ဒရက်ယိဗ်က ပြောခဲ့သည်။ “အခြားရွေးချယ်စရာအနေနဲ့ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့နဲ့ ဒီဇယ်တို့တော့ရှိပါတယ်။ ဒါပေမဲ့ ဒီဇယ်က အကုန်အကျ သိပ်များလွန်းတယ်။ ဓာတ်ငွေ့ကျတော့လည်း သဘာဝဓာတ်ငွေ့အရည် ဒါမှမဟုတ် LNG အဖြစ်နဲ့ ပို့ဆောင်ဖို့ လိုအပ်ပြန်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရေပေါ် ပေါ်နိုင်သည့် နျူကလီးယားစွမ်းအင်စခန်းမျိုးသည် ဝေးလံခေါင်သီသော ဒေသများတွင် လျှပ်စစ်မီးနှင့် အပူကို ပေးစွမ်းနိုင်သည့်အပြင် ဒေသတိုးတက်မှုနှင့် ရေရှည်ဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ရေပေါ်နျူကလီးယားစခန်း ဆောက်လုပ်ရေးနှင့် လည်ပတ်ရေးတို့အတွက် တာဝန်ရှိသူ ဗိုင်တလီထရုနာ့ဗ်က ပြောကြားခဲ့သည်။ ထို့ပြင် ယင်းကဲ့သို့ ရေပေါ် နျူဓာတ်ပေါင်းဖိုမျိုးကို အသုံးပြုပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို တန်ချိန် ၅၀၀၀၀ အထိ လျှော့ချနိုင်သည်ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ယခု Akademik Lomonosov မှာမူ ချူကော့ကာဒေသတွင်ရှိသည့် ကျောက်မီးသွေးစွမ်းအင်စက်ရုံနှင့် သက်တမ်းရင့် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု၏ နေရာတွင် အစားထိုးတော့မည်ဖြစ်သည်။

နျူကလီးယား တိုက်တန်းနစ်

Akademik Lomonosov တွင် နောက်ဆုံးပေါ်လုံခြုံရေးစနစ်များ ပါဝင်နေပြီး ကမ္ဘာပေါ်တွင် စိတ်အချရဆုံး နျူကလီးယားတပ်ဆင်မှုများထဲမှ တစ်ခုဖြစ်သည်ဟု ထရုနာ့ဗ်က ပြောကြားခဲ့သည်။

သို့သော် ထိုပြောကြားချက်အပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဂရင်းပိစ်က အယုံအကြည်မရှိဘဲ နိုင်ငံတကာက စောင့်ကြည့်ကြရန် ဆော်သြခဲ့သည်။ Akademik Lomonosov သည် ‘နျူကလီးယားတိုက်တန်းနစ်’ သို့မဟုတ် ဆိုဗီယက်နျူကလီးယား ဘေးဒုက္ခကြီးဖြစ်ပွားပြီး ၃၂ နှစ်အကြာ၌ နောက်တစ်ကြိမ် ‘ရေခဲပြင်ပေါ်မှ ချာနိုဘိုင်း’ တစ်ခုဖြစ်လာနိုင်မည့်အပေါ် ၎င်းတို့အဖွဲ့က စိုးရိမ်နေကြခြင်းဖြစ်သည်။

နျူကလီးယားစွမ်းအင်စက်ရုံတိုင်းတွင် မတော်တဆမှုဖြစ်နိုင်ခြေရှိသော်လည်း ရေပေါ် ပေါ်နိုင်သည့် ယခုနျူကလီးယားစခန်းမှာမူ အထူးသဖြင့် မုန်တိုင်းများ၊ သဘာဝဖြစ်စဉ်များ၊ အကြမ်းဖက်မှုကဲ့သို့ ခြိမ်းခြောက်မှုများအတွက် ပို၍အကာအကွယ်နည်းပါးသည့် အခြေအနေ၌ ရှိနေသည်ဟု ဂရင်းပိစ်ရုရှားမှ ရာရှက်အလီမော့ဗ်က ဆိုသည်။

ထိုစဉ် Rosatom အကြီးအကဲ လီခ်ဟာချိဗ်ကမူ အလားတူ ရေပေါ် နျူစခန်းများကို ပို၍ဆောက်လုပ်ပြီး ဝေးလံခေါင်သီသောဒေသများသို့ လျှပ်စစ်မီးပေးရန် လိုအပ်နေသည့် အာရှနိုင်ငံ ဖောက်သည်များကို ရှာနိုင်ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့ကာ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့အား ဥပမာပေးခဲ့သည်။

တရုတ်တွင်လည်း အလားတူ ရေပေါ်ပေါ်နိုင်သည့် နျူကလီးယား စွမ်းအင်စက်ရုံတစ်ခု ဆောက်လုပ်နေပြီဟု သိရသည်။

Ref: AFP

May 20, 2018














Copy Protected by Chetan's WP-Copyprotect.