မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ်အား ခြစားမှုနှင့် လူသတ်မှုဆိုင်ရာ ထိတ်လန့်ဖွယ်ဇာတ်လမ်းများက လွှမ်းမိုးနေ

မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ်အား ခြစားမှုနှင့် လူသတ်မှုဆိုင်ရာ ထိတ်လန့်ဖွယ်ဇာတ်လမ်းများက လွှမ်းမိုးနေ
Published 20 May 2018

မတ် ၂၈ ရက်က ပါဟန်ပြည်နယ်တွင် ရွေးကောက်ပွဲ မှတ်ပုံတင်စင်တာမှ ထွက်လာသည့် ဝန်ကြီးချုပ်ဟောင်း နာဂျစ်နှင့်ဇနီးတို့ကို တွေ့ရစဉ် (Photo: AP)

ရာထူးမှ ဖြုတ်ချခံခဲ့ရသော မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်သည် အစိုးရရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1 MDB မှ ငွေများအား ခိုးယူခဲ့သည်ဟု စွပ်စွဲချက်များအအတွက် ပြဿနာအကြီးအကျယ် ကြုံနေရပြီဖြစ်သည်။ သို့သော် လူငယ်မော်ဒယ်တစ်ဦး ထိတ်လန့်ဖွယ် သတ်ဖြတ်ခံခဲ့ရသည့် ပို၍ ရှုပ်ထွေးသောအတိတ်မှ အရှုပ်တော်ပုံတွင် ၎င်း၏ပတ်သက်ဆက်နွှယ်မှုအား စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုမြင့် တက်လာစဉ် နာဂျစ်၏ဥပဒေကြောင်းဆိုင်ရာ ဒုက္ခများသည် ပိုမိုဆိုးရွားလာနိုင်သည်။

ထိတ်လန့်ဖွယ်ကောင်းသော ထိုအရှုပ်တော်ပုံသည် နာဂျစ်က ကာကွယ်ရေးဝန်ကြီးအဖြစ် ထမ်းဆောင်နေသည့် ၂၀၀၂ ခုနှစ်၌ ပြင်သစ်ထံမှ Scorpene ရေငုပ်သင်္ဘောများကို ဝယ်ယူမှုတွင် မလေးရှား တာဝန်ရှိသူများက ဖြတ်စားလျှပ်စားငွေ အများအပြား ရယူခဲ့သည့် စွပ်စွဲချက်များကို အဓိကထားခြင်းဖြစ်သည်။ အာဏာရှင်ဆန်သော ခေါင်းဆောင်ဟောင်း နာဂျစ်၏အစိုးရက နောက်ဆုံးတွင် ဖုံးကွယ်ပစ်လိုက်သည့်အချိန်အထိ အုတ်အော်သောင်းတင်းဖြစ်ခဲ့သော ထိုအကြောင်းအရာသည် မလေးရှားကို နှစ်များစွာ အံ့အားသင့်စေခဲ့သည်။

သို့သော် နာဂျစ်က မေ ၉ ရက် ရွေးကောက်ပွဲတွင် မရှုမလှ အရေးနိမ့်ခဲ့ပြီးနောက် တက်လာခဲ့သော ဝန်ကြီးချုပ်သစ် မဟာသီယာမိုဟာမက် အစိုးရက 1 MDB မှ ဒေါ်လာ ဘီလျံများစွာ ခိုးယူခံခဲ့ရမှုနှင့် ဆက်နွှယ်သည့် စွပ်စွဲချက်များအား စုံစမ်း စစ်ဆေးသွားမည့်အပြင် အကျင့်ပျက်ခြစားမှု ထူပြောနေသည့် အစိုးရဟောင်းလက်ထက်မှ မဖြေရှင်းနိုင်ခဲ့သည့် အခြားအရှုပ်တော်ပုံများကိုလည်း ဖော်ထုတ်ခဲ့သည်။

ယခုအချိန်အထိ 1 MDB အရှုပ်တော်ပုံနှင့်ပတ်သက်၍ အစိုးရသစ်၏ အလျင်အမြန် လှုပ်ရှားနေမှုနှင့် ယခင်အစိုးရ၏ အကျင့်ပျက်ခြစားမှုများကိုလည်း အလေးအနက်ထား ကိုင်တွယ်နေမှုအတွက် အလွန်အမင်း အားတက်မိကြောင်း မလေးရှား အင်န်ဂျီအိုတစ်ခုဖြစ်သော အကျင့်ပျက်ခြစားမှုနှင့် ခရိုနီစနစ် တိုက်ဖျက်ရေးစင်တာ (C4) ဥက္ကဋ္ဌ စင်သီယာဂါဘရီရယ်က ပြောကြားခဲ့သည်။ ယင်းနှင့်ဆက်စပ်၍ Scorpene ကဲ့သို့ အရှုပ်တော်ပုံများကိုလည်း လျစ်လျူပြု၍မရကြောင်း၊ ဖိအားများဖြစ်လာနေပြီး ပိုမိုစိတ်ဝင်စားစရာကောင်းလာတော့မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နာဂျစ်အတွက် လတ်တလော အစိုးရိမ်ရဆုံးကိစ္စမှာ ၎င်းနှင့်၎င်း၏ မိသားစုနှင့် ခရိုနီများသည် 1 MDB မှ ဒေါ်လာဘီလျံများစွာကို ခိုးယူခဲ့မှု စွပ်စွဲချက်များဖြစ်သည်။ နာဂျစ်သည် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့အပြီး နိုင်ငံမှထွက်ခွာခွင့် ပိတ်ပင်ခံထားရကာ ရဲတပ်ဖွဲ့က ၎င်း၏နေအိမ်များနှင့် အခြားနေရာများမှ များပြားလှသော ငွေသားများ၊ လက်ဝတ်ရတနာများနှင့် ဇိမ်ခံပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

ဖုံးကွယ်ခဲ့ကြောင်း စွပ်စွဲခံရမှု

သို့သော် 1 MDB အရှုပ်တော်ပုံသည် လိင်ကိစ္စ၊ ရေငုပ်သင်္ဘောများ၊ လုပ်ကြံမှုနှင့် ကံဆိုးခဲ့သော မွန်ဂိုလီးယားမော်ဒယ်နှင့် စကားပြန်တစ်ဦးတို့ ပါဝင်နေသည့် Scorpene ဇာတ်လမ်းကို မှေးမှိန်စေခဲ့သည်။

ဒေါ်လာ ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိသော ရေငုပ်သင်္ဘောရောင်းဝယ်ရေး သဘောတူညီချက်အတွက် ညှိနှိုင်းပေးခဲ့သည့် နာဂျစ်၏ အနီးကပ် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ အဗ္ဗဒူရာဇက်ဘာဂျင်ဒါနှင့် ဆက်နွှယ်သည့် ဗန်းပြကုမ္ပဏီတစ်ခုထံ ပြင်သစ်ရေငုပ်သင်္ဘောကုမ္ပဏီ DCNS က ပွဲခအဖြစ် ယူရို ၁၁၄ သန်း (ဒေါ်လာ ၁၃၄ သန်း) ကျော် ပေးခဲ့ကြောင်း စွပ်စွဲချက်များကို အခြေခံ၍ ထိုအရှုပ်တော်ပုံ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုငွေပေးမှုများသည် မသမာမှုဖြစ်သည်ဟု နာဂျစ်၏အတိုက်အခံများက ထိုအချိန်က ပြောကြားခဲ့ကြသည်။

ထိုအရောင်းအဝယ် ညှိနှိုင်းမှုတွင် စကားပြန်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့မှုအတွက် ငွေကြေးတောင်းခံခဲ့သည်ဟုဆိုသည့် အဗ္ဗဒူရာဇက်၏ မွန်ဂိုလီးယား အမြှောင်မယားဖြစ်သူ အလန်တူရာရှာရီဘူးသည် ပစ်သတ်ခံခဲ့ရပြီး ၎င်း၏အလောင်းအား ၂၀၀၆ ခုနှစ်တွင် မြို့တော် ကွာလာလမ်ပူအနီး စစ်ဘက်သုံး ပလတ်စတစ် ဖောက်ခွဲရေးပစ္စည်းများဖြင့် ဖောက်ခွဲပစ်ခဲ့ကြောင်း သိရသည်။

အစိုးရအဖွဲ့မှ သက်တော်စောင့်နှစ်ဦးက ဆောင်ရွက်ခဲ့သည့် ထိုလူသတ်မှုတွင် နာဂျစ်နှင့် ၎င်း၏ဇနီး ရို့စ်မာတို့လည်း ပါဝင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီး ၎င်းတို့နှစ်ဦးက ထိုစွပ်စွဲချက်များကို အခိုင်အမာ ငြင်းဆိုထားသည်။ ထို့ပြင် နာဂျစ်က အလန်တူရာနှင့် ဇာတ်လမ်းရှိခဲ့ကြောင်းကို မဟုတ်မှန်ကြောင်း လူသိရှင်ကြား ငြင်းဆိုခဲ့ရသည်။

ထိုလူသတ်မှုကို အားပေးကူညီခဲ့ကြောင်း အဗ္ဗဒူရာဇက်အား စွဲဆိုထားသည့်စွဲချက်ကို တရားရုံးက ၂၀၀၈ ခုနှစ်တွင် ရုပ်သိမ်းပေးခဲ့ပြီးနောက် ထိုအမှုသည် အာရုံစိုက်ခံရမှုမှ လျော့ကျသွားခဲ့သည်။ ယင်းနောက် နာဂျစ်သည်လည်း ဒုတိယဝန်ကြီးချုပ်အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခံခဲ့ရသည်။ သို့သော် အဓိကကျသောပုဂ္ဂိုလ်တစ်ဦးသည် ယခုအခါ အပြောင်းအလဲပြုလုပ်နိုင်သူအဖြစ် အလားအလာ ရှိနေသည်။

ထိုလူသတ်မှုအတွက် အခြားရဲတပ်ဖွဲ့ဝင် သက်တော်စောင့်တစ်ဦးနှင့်အတူ စွဲချက်တင်ခံခဲ့ရသည့် ဆီရူအက်ဇ်ဟာအူမာက ၎င်းတို့သည် ထိုလူသတ်မှုအား ညွှန်ကြားခဲ့သည့် အရေးပါသောသူများအတွက် အလုပ်လုပ်ပေးရသည့် လူနုံများသာဖြစ်ကြောင်း ပြောကြားခဲ့ပြီး အားလုံးကို ဖွင့်ချပစ်မည်ဟုလည်း ယခင်က ခြိမ်းခြောက်ခဲ့ဖူးသည်။

ဆီရူသည် ထောင်ဒဏ်မကျခံရမီ ၂၀၁၅ ခုနှစ်တွင် သြစတြေးလျသို့ ထွက်ပြေးရန် ကြိုးစားခဲ့ပြီး ယင်းနိုင်ငံ၌ စစ်ဆေးမေးမြန်းခံရမည်ဟု ယူဆခဲ့ကြသည်။

ရုံးတင်စစ်ဆေးမှုသစ်

ရွေးကောက်ပွဲအပြီးတွင် ထောင်မှလွတ်မြောက်လာခဲ့ပြီး ဝန်ကြီးချုပ် ဖြစ်လာနိုင်သည်ဟု မျှော်မှန်းထားကြသော မလေးရှားထိပ်တန်းနိုင်ငံရေးသမား အန်ဝါအီဘရာဟင်က ဆီရူနှင့် ၎င်း၏ကြံရာပါ အဇီလာဟက်ဒရီတို့အား ရုံးတင်စစ်ဆေးမှုသစ် ပြုလုပ်သင့်ကြောင်း မေ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

“အဲဒီအချိန်တုန်းက တရားစီရင်ရေးက အပေးအယူ လုပ်ထားကြတယ်” ဟု အသက် ၇၀ ရှိပြီဖြစ်သော အန်ဝါက အေအက်ဖ်ပီနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ “နာဂျစ်က ဘယ်အခြေအနေအထိ ပါဝင်ပတ်သက်ခဲ့သလဲဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမဲ့ သူက တစ်နည်းနည်းနဲ့ အတိအကျကို ပတ်သက်မှု ရှိပါတယ်” ဟု အန်ဝါက ပြောကြားခဲ့သည်။

အလန်တူရာ အသတ်မခံရမီ မလေးရှားသို့ဝင်ရောက်ခဲ့သည့် အထောက်အထားအားလုံးကို ဖျောက်ဖျက်ပစ်ခဲ့မှုသည် ရာထူးမြင့်ပုဂ္ဂိုလ်၏ ဆုံးဖြတ်ချက်ကြောင့်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

အဗ္ဗဒူရာဇက်အပြင် Scorpene အရောင်းအဝယ် အရှုပ်တော်ပုံနှင့် ဆက်စပ်နေသည့် ပြင်သစ်ထိပ်တန်း အမှုဆောင်ဟောင်းနှစ်ဦးအား စုံစမ်းစစ်ဆေးသူများက စွဲချက်တင်ခဲ့ကြောင်း ပြင်သစ်တရားရေး သတင်းရင်းမြစ်များက ပြီးခဲ့သောနှစ်တွင် အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ထိုရေငုပ်သင်္ဘောရောင်းဝယ်မှုနှင့် အလန်တူရာအသတ်ခံရမှုတို့အတွက် နာဂျစ်နှင့် အခြားသူများအား စုံစမ်းစစ်ဆေးမှု ချက်ချင်းပြုလုပ်ရန် C4 က ရွေးကောက်ပွဲအပြီးတွင် လူသိရှင်ကြား တောင်းဆိုခဲ့သည်။ မရိုးသားသော မြေယာသဘောတူညီချက်များ၊ သစ်များအား ခိုးထုတ်မှုများ၊ ရဲများ၏စစ်မေးမှုအတွင်း အစိုးရအား ဝေဖန်သူများ သံသယဖြစ်ဖွယ် သေဆုံးရမှုများ အပါအဝင် အစိုးရဟောင်းလက်ထက်မှ များပြားလှသော အရှုပ်တော်ပုံများစွာရှိနေကြောင်း C4 ခေါင်းဆောင်က ထောက်ပြခဲ့သည်။

အလန်တူရာ အသတ်ခံရမှုတွင် နာဂျစ်အပါအဝင် အစိုးရတာဝန်ရှိသူ အများအပြား ပါဝင်ခဲ့သည်ဟု ထိုအမှုအား စုံစမ်းစစ်ဆေးခဲ့သည့် အလွတ်စုံထောက် P.Balasubramaniam က ၂၀၀၈ ခုနှစ်တွင် ပြောကြားခဲ့သည်။ သို့သော် ၎င်းက ထိုစကားအား ပြန်ရုပ်သိမ်းခဲ့ပြီး ခြိမ်းခြောက်ခံရမှုကြောင့် အိန္ဒိယသို့ ထွက်ပြေးခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ၎င်းသည် နိုင်ငံသို့ပြန်လာပြီး အလုံးစုံဖွင့်ချမည်ဟု ကတိပြုခဲ့ပြီးနောက် နှစ်ပတ်အကြာတွင် သေဆုံးခဲ့သည်။

Ref: AFP

Most Read

Most Recent