မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီသို့ ဆင့်ခေါ်ခံရ

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီသို့ ဆင့်ခေါ်ခံရ
Published 20 May 2018

မေ ၁၈ ရက်က ဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ နေအိမ်များမှ သိမ်းဆည်းရမိသည့် ပစ္စည်းများကို ကားတစ်စီးပေါ်သို့ တင်နေကြစဉ် (Photo: AP)

မလေးရှားခြစားမှုတိုက်ဖျက်ရေး အာဏာပိုင်များက မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်အား စုံစမ်းစစ်ဆေးမှုတစ်ခုအတွက် လာမည့်သီတင်းပတ်တွင် ၎င်းတို့ထံ လာရောက်ရန် ဆင့်ခေါ်ထားသည်ဟု အစိုးရမီဒီယာတွင် ဖော်ပြခဲ့သည်။

နာဂျစ်သည် ရွေးကောက်ပွဲအပြီး နောက်တစ်ရက်တွင် နိုင်ငံတွင်းမှ ထွက်ခွာခွင့်ပိတ်ခံထားရခြင်း ဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့်ရက်များအတွင်းကပင် ရဲများသည် နာဂျစ်၏နေအိမ်များအား စီးနင်းရှာဖွေကာ ငွေသားများ၊ ကျောက်မျက်ရတနာများ၊ တန်ဖိုးကြီးပစ္စည်း အမြောက်အမြားကို သိမ်းဆည်းခဲ့ကြသည်။

ထိုစဉ် အရှုပ်တော်ပုံများဖြင့် နာမည်ဆိုးထွက်နေသည့် နာဂျစ်အား မလေးရှားခြစားမှုတိုက်ဖျက်ရေးကော်မရှင် (MACC) ထံသို့ မေ ၂၂ ရက်တွင် လာရောက်ရန် အမိန့်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု အစိုးရပိုင် သတင်းအေဂျင်စီ Bernama က ဖော်ပြခဲ့သည်။

‘SRC International နဲ့ပတ်သက်ပြီး နာဂျစ်ရဲ့ထွက်ဆိုချက်ကို မှတ်တမ်းတင်နိုင်ဖို့အတွက် လာမယ့်အင်္ဂါနေ့မှာ လာရောက်ဖို့ သူ့ကိုပြောထားပါတယ်” ဟု မေ ၁၈ ရက်နှောင်းပိုင်းက ထုတ်ပြန်ခဲ့သော အစီရင်ခံစာနှင့် ပတ်သက်ပြီး MACC ၏ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်ကို ကိုးကားကာ Bernama တွင် ဖော်ပြခဲ့သည်။

SRC International သည် ၂၀၁၂ ခုနှစ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လက်အောက်သို့မရောက်မီက 1 MDB ၏ လက်ခွဲလုပ်ငန်းတစ်ခု ဖြစ်နေခြင်းဖြစ်သည်။ ထိုစဉ်က နာဂျစ်သည် မလေးရှား၏ ဝန်ကြီးချုပ်အဖြစ်သာမက ဘဏ္ဍာရေးဝန်ကြီးအဖြစ်ပါ တာဝန်ယူထမ်းဆောင်နေသည့် အချိန်လည်းဖြစ်သည်။ SRC နှင့်ဆက်စပ်နေသော ဒေါ်လာများ သန်းနှင့်ချီ ပျောက်ဆုံးခဲ့သည်ဟူသော စွပ်စွဲချက်သည် ကျယ်ပြန့်လှသော 1 MDB အရှုပ်တော်ပုံ၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်းက တစ်ဟုန်ထိုးများပြားလာသော တိုင်ကြားချက်များထဲ၌ နာဂျစ်၊ ၎င်း၏မိသားစုနှင့် ခရိုနီများသည် 1 MDB မှ ဒေါ်လာဘီလျံနှင့်ချီ၍ ခိုးယူခဲ့သည်ဟု ဖော်ပြထားခဲ့သည်။ သို့သော် နာဂျစ်၏အစိုးရသည် ထိုအရှုပ်တော်ပုံနှင့် ပတ်သက်၍ ပြည်တွင်း၌စုံစမ်းမှုများကို ပိတ်ပင်ကာ အပြည့်အဝစုံစမ်းမှုများ လုပ်ဆောင်ရန် ဆော်သြသူများကို ဖမ်းဆီးပြီး ထိုကိစ္စနှင့်ပတ်သက်၍ မရေးကြရန် မီဒီယာများကို နှုတ်ပိတ်ခဲ့သည်။

ထိုစဉ် 1 MDB အရှုပ်တော်ပုံများကို စက်ဆုပ်နေသော ဝန်ကြီးချုပ်ဟောင်းမဟာ သီယာမိုဟာမက်သည် အငြိမ်းစားဘဝမှ နိုင်ငံရေးလောကထဲသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာကာ အတိုက်အခံညွန့်ပေါင်းနှင့် ပူးပေါင်းပြီး မေ ၉ ရက် ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် အနိုင်ရခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်ဖြစ်လာသည့် မဟာသီယာသည် 1 MDB အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး စုံစမ်းမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မည်ဟု ကတိပြုထားသည်။

လူကြိုက်နည်းသော ဝန်ကြီးချုပ်က တော်ဟောင်းမှာမူ မေ ၁၉ ရက်က ထုတ်ပြန်ချက်တစ်ခုထဲတွင် ညည်းညည်းညူညူ ပြောကြားခဲ့သည်။ “ကျွန်မတို့အပေါ် ဖိစီးနှိပ်စက်မှုတွေ တစ်ပုံတစ်ပင်ဖြစ်နေပေမယ့် ကျွန်မတို့ဟာ ဘယ်လိုစုံစမ်းစစ်ဆေးမှုမျိုးကိုမဆို လွယ်ကူချောမောအောင်၊ အာဏာပိုင်တွေရဲ့ ဘယ်လိုတောင်းဆိုချက်အတွက်မဆို ကျွန်မတို့ကို အသုံးချနိုင်အောင် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent