အရှုပ်တော်ပုံ ရင်ဆိုင်နေရသော မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်၏နေအိမ်အား ရဲများက စီးနင်းရှာဖွေ

အရှုပ်တော်ပုံ ရင်ဆိုင်နေရသော မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်၏နေအိမ်အား ရဲများက စီးနင်းရှာဖွေ
Published 18 May 2018

မေ ၁၆ ရက်က ကွာလာလမ်ပူရှိ ဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ နေအိမ်၌ ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo: AFP)

သမိုင်းဝင် ရွေးကောက်ပွဲများတွင် အနိုင်ရခဲ့ပြီးနောက် မလေးရှားအစိုးရသစ်က ဧရာမ အကျင့်ပျက် ခြစားမှု အရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးနေချိန်၌ ထိုအရှုပ်တော်ပုံနှင့် ပတ်သက်နေသော ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်၏နေအိမ်ကို ရဲတပ်ဖွဲ့က မေ ၁၇ ရက် တွင် စီးနင်းရှာဖွေခဲ့ကြောင်း သိရသည်။ မေ ၁၇ ရက် အစောပိုင်းတွင် မြို့တော်ကွာလာလမ်ပူရှိ နာဂျစ်မိသားစု၏နေအိမ်ဝင်းသို့ ရဲကား တစ်ဒါဇင်ထက်မနည်း သွားရောက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့သည် နေအိမ်ထဲသို့ ဝင်ရောက်ခဲ့သည်ကို မြင်တွေ့ခဲ့ရဟု အေအက်ဖ် ပီသတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

ငွေကြေးခဝါချမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် နာဂျစ်၏နေအိမ်နှင့် တိုက်ခန်းတစ်ခန်းအား ရဲများက ခြောက်နာရီကျော်ကြာ ရှာဖွေစစ်ဆေးခဲ့သော်လည်း ဖမ်းဆီးမှုများ မရှိခဲ့ဟု နာဂျစ်၏ရှေ့နေက ပြောကြားခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်က ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် အနိုင်ရခဲ့သည့် အသက် ၉၂ နှစ်ရှိပြီဖြစ်သော မဟာသီယာမိုဟာမက် ဦးဆောင်သော အစိုးရသစ်က နာဂျစ်ထူထောင်ခဲ့သည့် အစိုးရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1 MDB မှ ဒေါ်လာ ဘီလျံများစွာ ခိုးယူခံခဲ့ရမှု အရှုပ်တော်ပုံကို စုံစမ်းစစ်ဆေးမည်ဟု ကတိပြုထားသည်။

ရဲများက လက်ဆွဲအိတ်နှင့် အဝတ်အစားအချို့တို့ကိုသာ သိမ်းဆည်းသွားခဲ့ပြီး နာဂျစ်က တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ရှေ့နေဟာပယ်ဆင်းဂရီဝယ်က ပြောကြားခဲ့သည်။ အသုံးအစွဲကြမ်းသော ပြည်ပ ဈေးဝယ်ခရီးစဉ်များကြောင့် အလွန်အမင်း လူကြိုက်နည်းနေသည့် နာဂျစ်၏ဇနီး ရိုစ်မက်မန်ဆာသည် ဒီဇိုင်နာအဝတ်အစားများနှင့် လက်ကိုင်အိတ်အများအပြားကို စုဆောင်းခဲ့မှုဖြင့် လူသိများသည်။

ရွေးကောက်ပွဲအနိုင်ရခဲ့သည့် အတိုက်အခံ ညွန့်ပေါင်း၏ အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး နာဂျစ်၏လက်ထက်တွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် နိုင်ငံရေးသမား အန်ဝါအီဘရာဟင်က ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် မကြာမီရဲများက နာဂျစ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းသည် မလေးရှားအား ဆယ်စုနှစ် ခြောက်ခုကြာ အုပ်ချုပ်ခဲ့ပြီးနောက် ပြီးခဲ့သော ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သည့် သြဇာကြီး အာဏာရ ညွန့်ပေါင်း၏ခေါင်းဆောင်ဟောင်း နာဂျစ်အတွက် နိမိတ်ဆိုးဖြစ်သည်။

မမျှော်လင့်ထားသော ရွေးကောက်ပွဲ အရေးနိမ့်မှုသည် 1 MDB နှင့်ပတ်သက်သော အရှုပ်တော်ပုံအား လူထု၏ဒေါသထွက်နေမှုက တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခဲ့သည်။ 1 MDB မှ ဒေါ်လာဘီလျံပေါင်းများစွာ ခိုးယူခံခဲ့ရမှုတွင် နာဂျစ်သည် ပါဝင်ပတ်သက် နေသည်ဟု စွပ်စွဲချက်များ ရင်ဆိုင်နေရသည်။ ထိုစွဲချက်များအား နာဂျစ်က အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။

၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့ပြီး နာဂျစ်အစိုးရအား ဖြုတ်ချနိုင်ရန်အတွက် အနားယူနေမှုမှ ပြန်ထွက်လာသော မဟာသီယာသည် အန်ဝါ၏ အတိုက်အခံညွန့်ပေါင်းနှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။ နာဂျစ်၊ ၎င်း၏ဇနီး၊ 1MDB နှင့်ဆက်နွှယ်သည့်အခြားသူများအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်စောင့်ဆိုင်းနေစဉ် နိုင်ငံမှ ထွက်ခွာခွင့်ပိတ်ပင်ရန် မဟာသီယာကညွှန်ကြားခဲ့သည်။

 

Most Read

Most Recent