ဂါဇာနယ်စပ်တွင် ယခုသီတင်းပတ်အတွင်း အဖွဲ့ဝင် ၅၀ သေဆုံးခဲ့ဟု ဟားမားစ်အဖွဲ့ ထုတ်ပြန်

ဂါဇာနယ်စပ်တွင် ယခုသီတင်းပတ်အတွင်း အဖွဲ့ဝင် ၅၀ သေဆုံးခဲ့ဟု ဟားမားစ်အဖွဲ့ ထုတ်ပြန်
Published 18 May 2018

မေ ၁၅ ရက်က ဂါဇာကမ်းမြောင်နယ်စပ်တွင် အစ္စရေးစစ်သားများက ပါလက်စတိုင်းဆန္ဒပြသူများအား ဖမ်းဆီးနေစဉ် (Photo: AP)

ဂါဇာနယ်စပ်တွင် ယခုသီတင်းပတ်အတွင်း ဆန္ဒပြမှုများ၌ အစ္စရေး၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ပါလက်စတိုင်း ၆၂ ဦးတွင် ၅၀ သည် ၎င်းတို့၏ အဖွဲ့ဝင်များဖြစ်ကြောင်း ဟားမားစ်အဖွဲ့ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ထိုသေဆုံးမှုများအတွက် ကမ္ဘာတစ်ဝန်းမှ ပြင်းပြင်းထန်ထန် ဝေဖန်မှုများအား ကာကွယ်ရန်နှင့် ထိုဆန္ဒပြလှုံ့ဆော်မှုများကို အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ ဟားမားစ်က ဦးဆောင် စီစဉ်ခဲ့ကြောင်း သက်သေပြရန် အစ္စရေးက ကြိုးပမ်းနေချိန်တွင် ဟားမားစ်အဖွဲ့က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မေ ၁၄ ရက်က နယ်စပ်အနီးတွင် ပါလက်စတိုင်း ထောင်ပေါင်းများစွာက စုဝေးခဲ့ကြပြီး ဆန္ဒပြလူအနည်းစုက နယ်စပ်ခြံစည်းရိုးဆီသို့ ချဉ်းကပ်ခဲ့ကာ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်။ ထိုဆန္ဒပြမှုများအား အစ္စရေးလုံခြုံရေးများက ပစ်ခတ်နှိမ်နင်းမှုတွင် ပါလက်စတိုင်း ၆၀ သေဆုံးခဲ့သည်။ ထို ချီတက် ဆန္ဒပြသူများသည် ၁၉၄၈ ခုနှစ်တွင် ဂျူးနိုင်ငံ အစ္စရေးထူထောင်သည့် ကာလအတွင်း အစ္စရေးက သိမ်းယူခဲ့သည့် ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်သွားရောက်ခွင့်ပြုရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ထိုစစ်ပွဲတွင် ပါလက်စတိုင်း ၇၀၀၀၀၀ ကျော်သည် နေအိမ်မှ ထွက်ပြေးရခြင်း သို့မဟုတ် နှင်ထုတ်ခံရခြင်း ကြုံခဲ့ရသည့် မေ ၁၅ ရက်ကို ပါလက်စတိုင်းများက Nakba သို့မဟုတ် ကပ်ဘေးကျသည့်နေ့ဟု သတ်မှတ်ခဲ့သည်။ မေ ၁၅ ရက် တွင် ဆန္ဒပြမှုများ၌ အစ္စရေး၏ ပစ်ခတ်မှု ကြောင့်  ပါလက်စတိုင်း နှစ်ဦး ထပ်မံသေဆုံးခဲ့သည်။

ဟားမားစ်၏ သဘောထားတင်းမာသော ခေါင်းဆောင်တစ်ဦးဖြစ်သူ ယာယာဆင်ဝါက သီတင်းပတ်ခြောက်ပတ်ကျော် ကြာမြင့်လာသော ယင်းဆန္ဒပြမှုများသည် လက်နက်ကိုင်ခုခံမှုအဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း သတိပေးခဲ့သည်။ မတ် ၃၀ ရက်တွင် စတင်ဖြစ်ပွားခဲ့သော နယ်စပ်ဆန္ဒပြမှုများနှင့် ပဋိပက္ခများအတွင်း ဂါဇာကမ်းမြောင် တစ်လျှောက် အစ္စရေး၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁၁၆ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။

ဂါဇာဘက်မှနေ၍ အစ္စရေးစစ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုနှင့် အဆောက်အအုံတစ်လုံးကို ပစ်ခတ်မှုတို့ ဖြစ်ပွားခဲ့ပြီး နောက် အစ္စရေးက မေ ၁၆ ရက် ညသန်းခေါင်တွင် ဂါဇာရှိ ဟားမားစ်အဆောက်အအုံတစ်ခုအား လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အကြမ်းဖက်သမားများ၏ အခြေခံအဆောက်အအုံနှင့် လက်နက်များ ထုတ်လုပ်သည့် စက်ရုံများ အပါအဝင် ဂါဇာကမ်းမြောင် မြောက်ဘက်ရှိ  ဟားမားစ်တို့၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ထုတ်ပြန်ခဲ့သည်။ မေ ၁၇ ရက်တွင်လည်း ဂါဇာဘက်မှ ပစ်ခတ်မှုကြောင့် အစ္စရေးတင့်ကားများသည် ဟားမားစ်၏ နေရာသုံးခုကို ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

Most Read

Most Recent