အင်ဒိုနီးရှားတွင် ရဲဌာနချုပ်တစ်ခုကို ဓားဖြင့်ဝင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ တိုက်ခိုက်သူလေးဦးနှင့် ရဲတစ်ဦး သေဆုံး

အင်ဒိုနီးရှားတွင် ရဲဌာနချုပ်တစ်ခုကို ဓားဖြင့်ဝင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ တိုက်ခိုက်သူလေးဦးနှင့် ရဲတစ်ဦး သေဆုံး
Published 17 May 2018

တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် မေ ၁၆ ရက်က ရောင်းပြည်နယ်ရှိ ရဲဌာနချုပ်အပြင်ဘက်၌ အင်ဒိုနီးရှားရဲများက စောင့်ကြပ်နေစဉ် (Photo - AFP)

အင်ဒိုနီးရှားနိုင်ငံတွင် မေ ၁၆ ရက်က  ရဲဌာနချုပ်တစ်ခုကို အမျိုးသားများက ဆာမူရိုင်းဓားဖြင့် ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်အတွင်း တိုက်ခိုက်သူ အမျိုးသားလေးဦး ပစ်သတ်ခံခဲ့ရပြီး ရဲဝန်ထမ်း တစ်ဦးလည်း သေဆုံးခဲ့သည်ဟု အာဏာပိုင်တို့က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားတစ်နိုင်ငံလုံးကို ထိတ်လန့် တုန်လှုပ်စေသော အသေခံဗုံးခွဲမှုများ ဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာတွင် ဓားဖြင့်တိုက်ခိုက်မှုထပ်မံ ဖြစ်ပွားခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဆူမတ်တြားကျွန်းပေါ်ရှိ မီကန်ဘာရူမြို့တွင် လူတစ်စုသည် ၎င်းတို့၏ မီနီဗင်ကားတစ်စီးအား ရဲစခန်းဂိတ်ပေါက်ဝသို့ ဝင်ဆောင့်၍ မောင်းနှင်ခဲ့ပြီးနောက် ရဲဝန်ထမ်းများကို ဓားရှည်များဖြင့် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်သူလေးဦးကို ရဲတို့က ပစ်သတ်လိုက်နိုင်ခဲ့သည်ဟု သိရပြီး ထွက်ပြေးခဲ့သူတစ်ဦးကို နောက်ပိုင်းတွင် ဖမ်းဆီးမိခဲ့သည်။

ထိုထွက်ပြေးခဲ့သူမှာ ကားကို အရှိန်ဖြင့်  မောင်းထွက်သွားစဉ် ရဲအရာရှိတစ်ဦးအား ဝင်တိုက်မိသွားခဲ့ပြီး ယင်းရဲသည် နောက်ပိုင်း တွင် သေဆုံးသွားခဲ့သည်ဟု သိရသည်။ အဆို ပါ တိုက်ခိုက်မှုဖြစ်ပွားသည့် နေရာသို့ရောက် ရှိနေသည့် အင်ဒိုနီးရှား သတင်းထောက်တစ် ဦးလည်း ဒဏ်ရာရသွားခဲ့သည်။

ပြည်တွင်းမီဒီယာများ၌ တိုက်ခိုက်သူ တစ်ဦး၏ ကိုယ်ပေါ်တွင် ဗုံးတစ်လုံး ပါလာဖွယ်ရှိသည်ဟု ဖော်ပြခဲ့ကြသော်လည်း ရဲစခန်းက ထိုသတင်းကို အတည်မပြုခဲ့ပေ။ လက်ရှိအခြေအထိ ယခုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က တာဝန်ရှိကြောင်း ထုတ်ပြန်ခြင်း မရှိသေးပေ။

ထို့ပြင် အဆိုပါတိုက်ခိုက်မှုသည် ယခု သီတင်းအစောပိုင်းက ဂျာဗားကျွန်းပေါ်ရှိ ဆူရာဘာယာမြို့တွင် မိသားစုနှစ်စုက ခရစ် ယာန်ဘုရားကျောင်းများနှင့် ရဲဌာနချုပ်တို့ ကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့သည့် အသေခံ ဗုံးခွဲမှုများနှင့် ဆက်စပ်မှု ရှိမရှိကိုလည်း ရှင်း ရှင်းလင်းလင်း မသိရသေးပေ။

ထိုမိသားစုနှစ်စုသည် ရဲများက တိုက်ခိုက်မှုတို့၏ နောက်ကွယ်တွင် ရှိသည်ဟုဆိုသော အင်ဒိုနီးရှား အစွန်းရောက်ကွန်ရက် Jamaah Ansharut Daulah (JAD) နှင့် ဆက်စပ်မှုရှိသူများဖြစ်သည်။ ယင်းအစွန်း ရောက်အုပ်စုများသည် IS တို့ကို ထောက်ခံသူများ ဖြစ်ကြသည်။

ထိုတိုက်ခိုက်မှုများကြောင့် အင်ဒိုနီးရှားသည် ချောက်ကမ်းပါးစွန်းသို့ ရောက်ရှိနေပြီဖြစ်ပြီး နိုင်ငံခြားအစိုးရများကလည်း အင်ဒိုနီးရှားသို့ ခရီးသွားလာမှုများနှင့်ပတ်သက်၍ သတိပေးချက်များ တသီတတန်းကြီး ထုတ်ထားသည်။ ကမ္ဘာပေါ်တွင် မွတ်စလင် လူဦးရေအများဆုံးဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံသည် မေ ၁၇ ရက်တွင် မွတ်စလင်တို့၏ ဥပုသ်လဖြစ်သော ရာမာဒန်ကို စတင်တော့မည်ဖြစ်သည်။

အကြမ်းဖက်သမားဟု သံသယရှိသူများကို ကြိုတင်လက်ဦးမှုယူနိုင်စေရန် ရဲများအား လုပ်ပိုင်ခွင့်ပိုမိုပေးနိုင်မည့် နှောင့်နှေးနေသော လုံခြုံရေးဥပဒေကြမ်းတစ်ခုအား အတည်ပြုရေးသည် ယခု သွေးချောင်းစီးအကြမ်း ဖက်မှုဖြစ်စဉ်များကြောင့် ဥပဒေပြုအမတ် များအတွက် ဖိအားဖြစ်လာခဲ့သည်။

အင်ဒိုနီးရှားသည် လာမည့် သုံးလအတွင်း အာရှအာကစားပွဲများနှင့် အောက်တိုဘာတွင် ဘာလီ၌ IMF နှင့် ကမ္ဘာ့ဘဏ် အစည်းအဝေးတစ်ခုကို လက်ခံကျင်းပရန် စီစဉ်ထားမှုများလည်း ရှိနေသည်။

၂၀၀၂ ခုနှစ်က လူ ၂၀၀ ကျော် သေစေခဲ့သော ဘာလီဗုံးခွဲမှုဖြစ်ပွားခဲ့သည့် အင်ဒိုနီးရှားသည် အစ္စလာမ္မစ်စစ်သွေးကြွတို့နှင့် လုံးပမ်းနေရသည်မှာ ကာလရှည်ကြာရှိပြီ ဖြစ်သည်။

Ref ; AFP

Most Read

Most Recent