၂၀၅၀ ပြည့်နှစ်မတိုင်မီ ကမ္ဘာတစ်ဝန်း၌ လေအေးပေးစက် ဝယ်လိုအား သုံးဆအထိ မြင့်တက်လာနိုင်

၂၀၅၀ ပြည့်နှစ်မတိုင်မီ ကမ္ဘာတစ်ဝန်း၌ လေအေးပေးစက် ဝယ်လိုအား သုံးဆအထိ မြင့်တက်လာနိုင်
Published 17 May 2018

၂၀၁၇ ခုနှစ် မေ ၁၇ ရက်က နယူးဒေလီရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခုတွင် လေအေးပေးစက်တစ်ခုကို တပ်ဆင်ထားစဉ် (Photo - AFP)

လာမည့် နှစ် ၃၀ မတိုင်မီ ကမ္ဘာတစ်ဝန်း၌ လေအေးပေးစက်ဝယ်လိုအားသည် သုံးဆအထိ မြင့်တက်လာနိုင်ခြေရှိသည်ဟု အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က မေ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝန်းရှိ အဆောက်အအုံ ၁ ဒသမ ၆ ဘီလျံတွင် လေအေးပေးစက်များရှိကြောင်း၊ ၂၀၅၀ ပြည့်နှစ် မတိုင်မီ ယင်းအရေအတွက်သည် ၅ ဒသမ ၆ ဘီလျံအထိ မြင့်တက်လာမည်ဖြစ်ရာ လာမည့်နှစ် ၃၀ အတွင်း တစ်စက္ကန့်တိုင်း လေအေးပေးစက် အသစ် ၁၀ လုံးရောင်းချနိုင်မည့် သဘောဖြစ်ကြောင်း IEA အစီရင်ခံစာတွင် ဖော်ပြထားသည်။

လေအေးပေးစက်အသုံးပြုမှု မြင့်တက်လာခြင်းကို ဖြည့်ဆည်းပေးရန်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏသည် ယနေ့ခေတ် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် တိုကျိုတို့၏ စုစုပေါင်းလျှပ်စစ်ဓာတ်အား ပမာဏနှင့်ညီမျှမည်ဖြစ်ကြောင်း IEA က ထုတ်ပြန်ခဲ့သည်။

“လေအေးပေးစက်အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကြီးထွားလာမှုဟာ  ဒီနေ့ခေတ်ရဲ့ စွမ်းအင်ဆွေးနွေးမှုမှာ မပါတဲ့ အရေးပါဆုံး ကိစ္စတစ်ရပ်ဖြစ်တယ်” ဟု IEA ၏ အမှုဆောင်ညွှန်ကြားရေးမှူး Fatih Birol က ပြောကြားခဲ့သည်။ ဝင်ငွေများ မြင့်တက်လာမှုနှင့်အတူ အထူးသဖြင့် ထွန်းသစ်စကမ္ဘာတွင် လေအေးပေးစက် ပိုင်ဆိုင်မှုသည် မြင့်တက်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယသည် လာမည့် ဆယ်စုနှစ်များစွာအတွင်း လေအေးပေးစက် သုံးစွဲမှု အများဆုံး မြင့်တက်လာမည့်နိုင်ငံများထဲတွင် ပါဝင်မည်ဟု IEA က ခန့်မှန်းထားသည်။ လက်ရှိတွင် အိန္ဒိယ၌လေအေးပေးစက် အသုံးပြုမှုသည် နိုင်ငံလျှပ်စစ်ဓာတ်အား အသုံးပြုမှု၏ ၁၀ ရာခိုင်နှုန်းရှိသော်လည်း လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ၄၅ ရာခိုင်နှုန်းအထိ ရှိလာနိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ညအချိန်တွင် လျှပ်စစ်ဓာတ်အား အမြင့်ဆုံးလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် လျှပ်စစ်ဓာတ်အားပေးစက်ရုံအသစ်များတွင် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများလိုအပ်ကြောင်း၊ ဆိုလာ PV နည်းပညာသည် လုံလောက်မှုရှိမည်မဟုတ်ကြောင်း IEA က သတိပေးခဲ့သည်။

စွမ်းအင် ထိထိရောက်ရောက်အသုံးပြုမှု စံချိန်စံညွှန်းများသည် လေအေးစက်မှ စွမ်းအင်လိုအပ်မှု ထက်ဝက်ကို လျှော့ချပေးနိုင်ပြီး ရင်းနှီးမြှုပ်နှံမှု၊ လောင်စာနှင့် လည်ပတ်မှု ကုန်ကျစရိတ်များတွင် ဒေါ်လာ ၂ ဒသမ ၉  ထရီလျံကို သက်သာစေမည်ဟု IEA က ထုတ်ပြန်ခဲ့သည်။

ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ဆော်ဒီအာရေဗျနှင့်တရုတ်နိုင်ငံကဲ့သို့သော နိုင်ငံများတွင် လေအေးပေးစက်အသုံးများသည်။ သို့သော် ကမ္ဘာ့အပူဆုံးနေရာများတွင် နေထိုင်သည့် လူဦးရေ ၂ ဒသမ ၈ ဘီလျံ၏ ရှစ်ရာခိုင်နှုန်းမျှသာ လေအေးပေးစက်ပိုင် ဆိုင်ကြသည်။၂၀၅၀ ပြည့်နှစ်မတိုင်မီ ကမ္ဘာတစ်ဝန်းရှိ နေအိမ်သုံးပုံနှစ်ပုံတွင် လေအေးပေးစက်များရှိလာနိုင်သည်ဟု IEA အစီရင်ခံစာက ခန့်မှန်းထားသည်။

Ref ; AFP

Most Read

Most Recent