ဂါဇာတွင် ပစ်ခတ်မှုများနှင့်ပတ်သက်၍ အစ္စရေးနှင့် တူရကီတို့အကြား သံတမန်ရေးတင်းမာမှု အရှိန်မြင့်တက်လာ

ဂါဇာတွင် ပစ်ခတ်မှုများနှင့်ပတ်သက်၍ အစ္စရေးနှင့် တူရကီတို့အကြား သံတမန်ရေးတင်းမာမှု အရှိန်မြင့်တက်လာ
Published 17 May 2018

မေ ၁၅ ရက်က နယူးယောက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အစ္စရေးအရေးကို ဆွေးနွေးနေကြစဉ် (Photo - AFP)

ဂါဇာနယ်စပ်တွင် ပါလက်စတိုင်းများအား အစ္စရေးက ပစ်ခတ်နှိမ်နင်းမှုများနှင့် ပတ်သက်၍ သံတမန်များအား အပြန်အလှန် နှင်ထုတ်မှု၏ နောက်ဆုံးဖြစ်စဉ်အဖြစ် တူရကီက အစ္စတန်ဘူရှိ အစ္စရေးကောင်စစ်ဝန်အား နိုင်ငံထဲမှ ယာယီထွက်ခွာရန် ညွှန်ကြားခဲ့ကြောင်း တူရကီအစိုးရ မီဒီယာက မေ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။ တူရကီသည် ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် တဲအဗစ်ရှိ တူရကီသံအမတ်ကြီးအား ပြန်လည်ခေါ်ယူခဲ့ပြီးဖြစ်ပြီး အစ္စရေးသံအမတ်ကြီးကိုလည်း အင်ကာရာမှ ထွက်ခွာရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

အစ္စရေးကလည်း ဂျေရုစလင်ရှိ တူရကီ ကောင်စစ်ဝန်အား အထူးပြုမဖော်ပြသော ကာလတစ်ခုအတွင်း နိုင်ငံမှထွက်ခွာရန် ညွှွန်ကြားထားပြီး ဖြစ်သည်။ မေ ၁၅ ရက်တွင် Twitter ၌ တူရကီသမ္မတ ရီဆပ်တေယစ် အာဒိုဂန်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့အကြား အပြန်အလှန် ဝေဖန်မှုပြုလုပ်ခဲ့သည့် ထိုအချင်းများမှုကြောင့် ကာလရှည်ကြာ ပဋိပက္ခကြုံခဲ့ရအပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးပုံမှန်ပြန်ဖြစ်ခဲ့သည့် ၂၀၁၆ ခုနှစ် သဘောတူညီချက်ကို ခြိမ်းခြောက်ခဲ့သည်။

မေ ၁၃ ရက်က ဂါဇာနယ်စပ်တွင် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုများကြောင့် ပါလက်စတိုင်း ၆၀ သေဆုံးခဲ့ရမှုအတွက် တူရကီက အလွန်အမင်းဒေါသထွက်ခဲ့ပြီး အမေရိကန်သံရုံးအား တဲအဗစ်မှ ဂျေရုစလင်သို့ ရွှေ့ပြောင်းခဲ့သည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက်ကြောင့် တင်းမာမှု ဖြစ်ပွားခဲ့ရသည်ဟုလည်း အာဒိုဂန်က အပြစ်တင်ခဲ့သည်။

ဂါဇာပဋိပက္ခများနှင့် ပတ်သက်၍ တူရကီသည် အစ္စတန်ဘူတွင် အစ္စလာမ္မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ အရေး ပေါ်ထိပ်သီးကို မေ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ထိုပြဿနာအတွက် ကမ္ဘာကြီးထံ အားကောင်းသော သတင်းစကားပါးမည်ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့သည်။

၂၀၁၀ ပြည့်နှစ် မေတွင် အစ္စရေးကွန် မန်ဒိုများက တူရကီသင်္ဘောတစ်စင်းပေါ်သို့ စီးနင်းခဲ့ပြီးနောက် လူသေဆုံးခဲ့သည့် ဖြစ်စဉ်အတွက် နှစ်နိုင်ငံကြား ဆက်ဆံရေး ကျဆင်းခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ပြန်လည်ရင် ကြားစေ့ရေးသဘောတူညီချက် ရရှိခဲ့သည်။ အစ္စရေးအား အနည်းငယ်မျှသော အဓိကမွတ်စလင်မိတ်ဖက်နိုင်ငံ တစ်နိုင်ငံနှင့် ဆက်ဆံရေးပြေလည်စေရန် လိုလားနေသည့် အမေရိကန်က ထိုသဘောတူညီချက်ကို အခိုင်အမာထောက်ခံခဲ့သည်။ သို့သော် ပါလက်စတိုင်းအရေးအတွက် ဦးဆောင်ကြိုးပမ်းသူအဖြစ် ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်ခဲ့သော အာဒိုဂန်က နှစ်နိုင်ငံကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးအတွက် တွန်းအားပေးမှုရှိသော်လည်း အစ္စရေးအား ဝေဖန်မှုများကိုမူ ပြုလုပ်ဆဲဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ၎င်း၏လက်တွင် ပါလက်စတိုင်းများ၏ သွေးများပေကျံနေချိန်၌ လူမျိုးရေးခွဲခြားသည့်နိုင်ငံကို ဦးဆောင်နေကြောင်း အာဒိုဂန်က ဝေဖန်ခဲ့သည်။ နေတန်ယာဟုကလည်း အာဒိုဂန်သည် ပါလက်စတိုင်း အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ ဟားမားစ်ကို ဦးဆောင်ထောက်ခံသူဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုဆိုင်ရာ ကျွမ်းကျင်သူဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

Ref ; AFP

Most Read

Most Recent