ခရိုင်းမီးယားနှင့် ရုရှားအား ဆက်သွယ်ပေးထားသည့် ဧရာမတံတားကြီးကို ပူတင်က ဖွင့်လှစ်ပေးမည်

ခရိုင်းမီးယားနှင့် ရုရှားအား ဆက်သွယ်ပေးထားသည့် ဧရာမတံတားကြီးကို ပူတင်က ဖွင့်လှစ်ပေးမည်
Published 16 May 2018

မတ် ၁၄ ရက်က Kerch ရေလက်ကြားပေါ်ရှိ တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်ကို တွေ့ရစဉ် (Photo - AFP)

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းထံမှ သိမ်းပိုက်ထားသော ခရိုင်းမီးယား ကျွန်းဆွယ်နှင့် ရုရှားနိုင်ငံတောင်ပိုင်းကို ဆက်သွယ်ပေးထားသည့် ၁၉ ကီလိုမီတာရှည်သော တံတားကြီးတစ်စင်းကို မေ ၁၅ ရက်တွင် ဖွင့်လှစ်ပေးမည် ဖြစ်သည်။

ခရိုင်းမီးယားတံတားဟု ခေါ်ကြသော ၁၂ မိုင်နီးပါး ရှည်လျားသော ထိုတံတားကြီးသည် ရုရှားနိုင်ငံတွင်သာမက ဥရောပတွင်ပါ အရှည်ဆုံးတံတားကြီး ဖြစ်လာသည်။ ယခင်က ဥရောပမှအရှည်ဆုံးတံတားမှာ လစ္စဘွန်းမှ ဗာစဂိုဒဂါးမားတံတား ဖြစ်သည်။ ရူဘယ် ၂၂၈ ဘီလျံ (ဒေါ်လာ ၃ ဒသမ ၆၉ ဘီလျံ) အကုန်အကျခံ ဆောက်လုပ်ထားသော ယင်းတံတားသည် ပင်လယ်နက်နှင့် အာဇော့ပင်လယ်ကြားမှ ရေလက်ကြားတစ်ခုကို ဖြတ်ကျော်ပြီး ရုရှားတောင်ပိုင်း ခရာစ်နိုဒါဒေသနှင့် ခရိုင်းမီးယားထဲမှ ကာချ်မြို့ကို ဆက်သွယ်ပေးထားခြင်း ဖြစ်သည်။

ယူကရိန်းတို့ကမူ ထိုတံတားဆောက်လုပ်မှုသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့်အပြင် အာဇော့ပင်လယ်ရှိ ယူကရိန်း ဆိပ်ကမ်းများသို့ သင်္ဘောကြီးများ မဆိုက်ကပ်နိုင်တော့ဟု အပြစ်တင်ထားသည်။ ခရိုင်းမီးယားတံတားပေါ်တွင် ယာဉ်ကြောလေးခုပါပြီး တစ်နေ့လျှင် ကားစီးရေ ၄၀၀၀၀ နှင့်အထက် ဖြတ်သွားနိုင်မည် ဖြစ်သည်။ ကားများသွားလာမှုအတွက် တံတားကို မေ ၁၅ ရက်တွင် ဖွင့်ပေးခဲ့သည်။

ခရိုင်းမီးယားကျွန်းဆွယ်သည် လက်ရှိအချိန်အထိ ရုရှားနိုင်ငံတောင်ပိုင်းသို့ သွားရန် အခက်အခဲများ ရှိနေဆဲဖြစ်သည်။ ထို့ပြင် ကူးတို့သင်္ဘောများသည် ဆောင်းရာသီတွင် မပြေးဆွဲနိုင်သဖြင့် အလွယ်ကူဆုံးနည်းလမ်းမှာ လေယာဉ်ဖြင့်သွားခြင်း ဖြစ်သည်။ ယူကရိန်းနှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုတို့ကြောင့် ခရိုင်းမီးယားသို့ ရုရှားမှ စားနပ်ရိက္ခာအများ အပြားကို ပို့ဆောင်ရာတွင် သင်္ဘောကိုသာ အသုံးပြုရသည်။

Ref; AFP

 

Most Read

Most Recent