ထရန့်၏ မူဝါဒများက အရှေ့အလယ်ပိုင်းဒေသအတွက် ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှုကို မြင့်တက်စေခဲ့

ထရန့်၏ မူဝါဒများက အရှေ့အလယ်ပိုင်းဒေသအတွက် ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှုကို မြင့်တက်စေခဲ့
Published 16 May 2018

မေ ၁၄ ရက်က အစ္စရေးနှင့် ဂါဇာကမ်းမြောင်အကြား နယ်စပ်အနီး အစ္စရေးလုံခြုံရေး၏ မျက်ရည်ယိုဓာတ်ငွေ့ ပစ်လွှတ်မှုမှ ပါလက်စတိုင်း ဆန္ဒပြသူများက အကာအကွယ်ယူနေကြစဉ် (Photo - AFP)

ဂါဇာတွင် လူဒါဇင်များစွာ သေဆုံးခဲ့ရသည့် ပဋိပက္ခများဖြစ်ပွားနေစဉ် ဂျေရုစလင်၌ အမေရိကန်သံရုံးသစ်ကို ဖွင့်လှစ်ခဲ့ချိန်တွင် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ကြိုးပမ်းမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အလားအလာများသည် ပိုမိုထိုးကျသွားခဲ့သည်။ ထို သံရုံးသစ် ဖွင့်လှစ်သည့် မေ ၁၄ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများက အမေရိကန် မူဝါဒများသည် အရှေ့အလယ်ပိုင်းဒေသအား ပို၍နက်ရှိုင်းပြီး ထိန်းမရသော ကျယ်ပြန့်သည့် ပဋိပက္ခသို့ သက်ဆင်းစေမည်ဟု ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှုကို အားကောင်းစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ထရန့်သည် နျူ ကလီးယားလက်နက် တပ်ဆင်ထားသည့် မြောက်ကိုရီးယားနှင့် သဘောတူညီချက်တစ်ခုရရန် ကြိုးပမ်းနေမှုများအတွက်မူ နိုင်ငံတကာ၏ ထောက်ခံမှုရရှိခဲ့သည်။ သို့သော် အစ္စရေးနှင့် ပါလက်စတိုင်းအကြား ခက်ခဲနေသော ငြိမ်းချမ်းရေး သဘောတူညီချက်ဖြစ်သည့် ၎င်းတို့၏ အကြီးမားဆုံးသံတမန်ရေး ဆုလာဘ်ကို ရရှိနိုင်ရန် အမေရိကန် အစိုးရများက အစဉ်တစိုက်ကြိုးစားလာခဲ့သည့် အရှေ့အလယ်ပိုင်းဒေသတွင် ထရန့်၏ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များက စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

ဂါဇာတွင် ပါလက်စတိုင်း ဒါဇင်များစွာ  သေဆုံးခဲ့ရချိန်၌ပင် သံရုံးသစ်ဖွင့်နိုင်မှုသည် အစ္စရေးအတွက် နေ့ထူးနေ့မြတ်ဖြစ်သည်ဟု ထရန့်က ချီးကျူးခဲ့ခြင်းကြောင့် အစ္စရေးနှင့် ပါလက်စတိုင်းကြား ကြားဝင်ညှိနှိုင်းသူအဖြစ် ဝါရှင်တန်၏ အဆင့်အတန်းကို ထိခိုက်စေခဲ့သည်။ ထို့ပြင် အမေရိကန်၏ ဆုံးဖြတ်ချက် တစ်သီတစ်တန်းကြောင့် ကြိုတင်မမျှော်မှန်းနိုင်သည့် နောက်ဆက်တွဲ ဖြစ်စဉ်များကို ဖြစ်စေနိုင်သည်။

ပြီးခဲ့သောသီတင်းပတ်တွင်လည်း အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ကြောင်း ထရန့်၏ ဆုံးဖြတ်ချက်သည် အစ္စရေးနှင့် အီရန်တို့အား ပိုမိုပြင်းထန်သော ထိပ်တိုက်တွေ့မှုဆီသို့ ဦးတည်ရန် ရဲဆေးတင် ပေးခဲ့ဖွယ်ရှိသည်။ ဆီးရီးယားတွင် IS အဖွဲ့အား ချေမှုန်းနိုင်ခဲ့ပြီးပြီးချင်း တပ်ဖွဲ့ဝင်များအား ရုပ်သိမ်းရန် ထရန့်၏ စိတ်အားထက်သန်မှုကြောင့် လစ်ဟာခဲ့သည့် ထိုနေရာအား တီဟီရန်က အစားဝင်ရောက်နိုင်ကြောင်း အီရန်၏ ရန်ဘက်များကို ယူဆစေခဲ့သည်။

အီရန်၏ လုပ်ရပ်များသည် ဒေသတွင်း၌ တင်းမာမှုနှင့် မတည်ငြိမ်မှု၏ အဓိကရင်းမြစ်ဖြစ်မှုနှင့်ပတ်သက်၍ ဝါရှင်တန်တွင် တာဝန်မရှိကြောင်း၊ သို့သော် နျူကလီးယား သဘောတူညီချက်မှ ထရန့်က နုတ်ထွက်ပြီးချိန်တွင် အီရန်နှင့်ဆက်ဆံရန် မဟာဗျူဟာရှိ၊ မရှိသည် မေးခွန်းထုတ်စရာဖြစ်ကြောင်း အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဒန်ရှပီရိုက ပြောကြားခဲ့သည်။

ထရန့်အစိုးရသည် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြန်လည်စတင်ရန် ကတိပြုထားဆဲဖြစ်ကြောင်း တာဝန်ရှိသူများက အခိုင်အမာ ပြောကြားထားသည်။ သံရုံးသစ်ဖွင့်ပွဲ၌ ထရန့်၏ သားမက်ဖြစ်သူ ထိပ်တန်းအကြံပေး ဂျရက်ကူရှ်နာက အမေရိကန်သည် တတ်နိုင်သမျှနည်းလမ်းဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရ ရန်အတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ သို့သော် ဖွင့်ဟခြင်းမရှိသည့်အရာမှာ သံရုံးသစ်ရွှေ့ပြောင်းမှုကြောင့် ပါလက်စတိုင်းများက အလွန်အမင်း ဒေါသထွက်နေချိန်တွင် ထရန့်က ကာလရှည်ကြာ မျှော်လင့်ခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ်ကို ကူရှ်နာအဖွဲ့က အကန့်အသတ်မရှိ ချောင်ထိုးလိုက်မှုဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူအများအပြားက ပြောကြားခဲ့သည်။

ထရန့်က ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုမှုနှင့် သံရုံးသစ် ရွှေ့ပြောင်းမှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းက အိမ်ဖြူတော်နှင့် ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်လိုက်ခြင်းကြောင့် ထရန့်က ထုတ်ပြန်မည့် ငြိမ်းချမ်းရေးအစီအစဉ်ကို ပါလက်စတိုင်းများက လက်ခံရန် သို့မဟုတ် မျှတကြောင်း ယူဆရန် ဖြစ်နိုင်ခြေအလွန် အမင်းနည်းပါးသွားသည်ဟု ယုံကြည်မှုဖြစ်စေခဲ့သည်။

Ref; AFP

Most Read

Most Recent