ပါကစ္စတန်တွင် တံတားပြိုကျမှုကြောင့် ကျောင်းသားငါးဦးသေဆုံးပြီး ၁၂ ဦး ပျောက်ဆုံးနေ

ပါကစ္စတန်တွင် တံတားပြိုကျမှုကြောင့် ကျောင်းသားငါးဦးသေဆုံးပြီး ၁၂ ဦး ပျောက်ဆုံးနေ
Published 15 May 2018

မေ ၁၃ ရက်က ခန်ဒယ်ရှာဟီရှိ တံတားပြိုကျပြီးနောက် ကယ်ဆယ်ရေးလုပ်ဆောင်နေကြစဉ် (photo - AFP)

ပါကစ္စတန်ဘက်ခြမ်း ကက်ရှ်မီးယားဒေသရှိ ခရီးသွားလာရောက်မှုများသော နေရာတစ်ခုတွင် မေ ၁၃ ရက်က တံတားတစ် စင်းပြိုကျခဲ့ရာ ကျောင်းသားငါးဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂ ဦး ပျောက်ဆုံးခဲ့သည်ဟု အစိုးရအရာရှိများက ပြောကြားခဲ့သည်။

တောင်တန်းထူထပ်သော နီလမ်ခရိုင်ရှိ လျှိုတစ်ခု၌ သွယ်တန်းထားသော တံတားတစ်စင်းသည် ရေတံခွန်တစ်ခုသို့သွားကြည့်မည့် တက္ကသိုလ်ကျောင်းသားသုံးဒါဇင်ခန့် ဖြတ်သန်းသွားခဲ့ပြီးနောက် ပြိုကျခဲ့သည်ဟု သိရသည်။ “ယောက်ျားလေး လေးဦးနဲ့ မိန်းကလေးတစ်ဦးရဲ့အလောင်းကို ပြန်တွေ့ပါတယ်။  လူ ၁၂  ဦး ပျောက်ဆုံးနေဆဲဖြစ်ပေမယ့် ရေက တအားအေးတဲ့အတွက် သူတို့ကိုအသက်ရှင်လျက် ပြန်တွေ့နိုင်မယ်လို့ သိပ်တော့ မျှော်လင့်လို့မရပါဘူး” ဟု ကက်ရှ်မီးယားဒေသ၏ မြို့တော်မူဇက်ဖာရာဘတ်မှ အကြီးတန်းအစိုးရအရာရှိတစ်ဦးက ပြောခဲ့သည်။ ထိုဖြစ်စဉ်အတွင်း အခြားကျောင်းသားရှစ်ဦးလည်း ဒဏ်ရာရခဲ့သည်။

ထိုတံတားသည် တစ်ကြိမ်လျှင် လူငါးဦး၏ ဝန်ကိုသာ ခံနိုင်သဖြင့် လူအနည်းငယ်သာ တံတားကို ဖြတ်လျှောက်ရန် တံတားနားတွင် ခရီးသွားများကို သတိပေးချက် တစ်ခုထားရှိထားသည်ဟု အာဏာပိုင်တို့က ဆိုသည်။ ယခုဖြစ်စဉ်မှာမူ လူ ၄၀ ဝန်းကျင်က တံတားပေါ်သို့ တစ်ပြိုင်တည်း တက်ခဲ့သဖြင့် ပြိုကျခဲ့ရသည်ဟု သိရသည်။

လှပသော ဟိမဝန္တာဒေသရှိ ကက်ရှ်မီးယားသည် ခရီးသွားများကြားတွင် ထင်ရှားသော်လည်း အခြေခံအဆောက်အအုံများမှာမူ အားနည်းလှသည်။

Ref; AFP

Most Read

Most Recent