အမေရိကန်သည် မြောက်ကိုရီးယားထံ လုံခြုံရေးအာမခံများ၊ ရင်းနှီးမြှုပ်နှံမှုများပေးရန် အသင့်ရှိနေဟု ပွန်ပီယိုပြောကြား

အမေရိကန်သည် မြောက်ကိုရီးယားထံ လုံခြုံရေးအာမခံများ၊ ရင်းနှီးမြှုပ်နှံမှုများပေးရန် အသင့်ရှိနေဟု ပွန်ပီယိုပြောကြား
Published 15 May 2018

မြောက်ကိုရီးယားအစိုးရ သတင်းအေဂျင်စီက မေ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံ၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (ယာ) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကို တွေ့ရစဉ် (Photo - AFP)

မြောက်ကိုရီးယားအနေဖြင့် ၎င်း၏ နျူ ကလီးယားလက်နက်များကို စွန့်လွှတ်ရန် မဟာဗျူဟာကျသော ရွေးချယ်မှုကို လုပ်ဆောင်ခဲ့ပါက အမေရိကန်သည် မြောက်ကိုရီးယားသို့ လုံခြုံရေးအာမခံချက်နှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အလျှံအပယ်ကိုပေးရန် အသင့်ဖြစ်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနှင့် အမေရိကန်တို့သည် ဇွန် ၁၂ ရက်တွင် စင်ကာပူ၌ ထိပ်သီးတွေ့ဆုံပွဲမပြုလုပ်မီ အချင်းချင်းနှစ်လိုဖွယ် ဆွဲဆောင်မှုများ ပြုလုပ်လျက်ရှိကြသည်။ မေ ၁၂ ရက်ကပင် မြောက်ကိုရီးယားက ယခုလနှောင်းပိုင်း၌ ၎င်း၏ ပန်ဂျီရီနျူကလီးယား စမ်းသပ်ရေးစခန်းကြီးကို မီဒီယာများရှေ့မှောက်တွင် ဖောက်ခွဲပြမည်ဟု ဆိုထားသည်။

အမေရိကန်၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ပါဝင်လာမှုကို ယုံကြည်မှုရှိသည်ဟု ကင်နှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဖူးပြီးပြီဖြစ်သည့် ပွန်ပီယိုက Fox News သို့ မေ ၁၃ ရက်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ လုံခြုံရေးအာမခံချက်ကို ပေးမှာဖြစ်ပါတယ်။ ဒါဟာ ၂၅ နှစ်ကြာအောင် ဆိုင်းငံ့နေတဲ့ အပေးအယူတစ်ခု ဖြစ်ပါတယ်” ဟု ပွန်ပီယိုက ပြောကြားခဲ့သည်။

“ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအတွက်လည်း ကျွန်တော်တို့ရဲ့ မျက်စိကို ကျယ်ကျယ်ဖွင့်ထားပါတယ်။ ဒါပေမဲ့ ဥက္ကဋ္ဌကင်ဟာ  မဟာဗျူဟာမြောက် အပြောင်းအလဲတစ်ခု လုပ်ဆောင်ဖို့ လိုလားတယ်လို့ ကျွန်တော်တို့ဘက်က ထက်သန်တဲ့ မျှော်လင့်ချက်ရှိပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

စွမ်းအင်နှင့် အခြေခံအဆောက်အအုံ

သဘောတူညီချက် ရရှိသွားပါက မြောက်ကိုရီးယား၏ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ နည်းပညာ၊ စိုက်ပျိုးရေး ကဏ္ဍတို့တွင် အဆင့်မြှင့်တင်မှုများ ပြုလုပ်ပေးခြင်းတို့နှင့်အတူ အမေရိကန်ထံမှ ရင်းနှီးမြှုပ်နှံမှုများ အလျှံအပယ်ထွက်လာနိုင်ကြောင်းလည်း ပွန်ပီယိုက မက်လုံးပေးထားသည်။

သို့သော် ထိုအကျိုးကျေးဇူးများ စတင်ရောက်မလာမီမြောက်ကိုရီးယားက နျူကလီးယားဖျက်သိမ်းရေးကို ပြီးစီးအောင် ဦးစွာလုပ်ရမည်ဖြစ်သည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်က အခြားရုပ်သံမေးမြန်းခန်းတစ်ခုထဲ၌ သတိပေးခဲ့သည်။ နျူကလီးယားဖျက်သိမ်းရေးတွင် မြောက်ကိုရီးယား၏ ယူရေနီယံ သန့်စင်ရေးအဆောက်အအုံများကို ရှင်းလင်းပစ်ခြင်း၊ နျူကလီးယားလက်နက်များကို ဖျက်သိမ်းခြင်းတို့ ပါဝင်ကြောင်း ဘိုတန်က ဆိုသည်။

“မြောက်ကိုရီးယားရဲ့ ပရိုဂရမ်ကြီးဟာ တအား ကျယ်ပြန့်ပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့တော့ ဖြစ်လာမှာမဟုတ်ဘူး” ဟု ဘိုတန်က ABC ၏ This Week အစီအစဉ်တွင် ပြောကြားခဲ့သည်။

အမေရိကန်သည် မြောက်ကိုရီးယား၏ နျူကလီးယား၊ ဒုံးကျည်စီမံကိန်းများအပြင် ဓာတုနှင့် ဇီဝလက်နက်များ ဖျက်သိမ်းရေးအတွက်ပါ ဆွေးနွေးသွားလိမ့်မည်ဖြစ်ကြောင်း ဘိုတန်၏ ပြောကြားချက်အရ သိရသည်။

ယခုလာမည့် ထိပ်သီးဆွေးနွေးပွဲသည် ထရန့်က ကင်ဂျုံအွန်ကို နားလည်သဘောပေါက်စေရန်နှင့် ကတိများကို အစစ်အမှန် ဟုတ်၊ မဟုတ် သိစေရန် အစောပိုင်း အခွင့်အရေးတစ်ခုဟု ဘိုတန်က ဆိုသည်။

Ref ; AFP

Most Read

Most Recent