ဘဝနေဝင်ချိန်အထိ အလုပ်လုပ်နေရသေးသည့် တောင်ကိုရီးယား သက်ကြီးရွယ်အိုများ

ဘဝနေဝင်ချိန်အထိ အလုပ်လုပ်နေရသေးသည့် တောင်ကိုရီးယား သက်ကြီးရွယ်အိုများ
Published 13 May 2018

မေ ၁၀ ရက်က ဆိုးလ်ရှိ တိုက်ခန်းတစ်ခုတွင် ကုန်ပစ္စည်းများကို ပက်ဂျဲယိုး (လယ်) က ရွေးယူနေစဉ် (Photo: AFP)

သဘောတရားအရဆိုလျှင် ပက်ဂျဲယိုးသည် လွန်ခဲ့သော ၁၁ နှစ်ကတည်းက အငြိမ်းစားယူရမည် ဖြစ်သည်။ တောင်ကိုရီးယားသည် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သော်လည်း ပင်စင်ခံစားခွင့်မှာမူ မစို့မပို့ဖြစ်နေသဖြင့် အသက် ၇၁ နှစ်ရှိ ပက်သည် အလုပ်ဆက်လုပ်ရန် တာဝန်ရှိနေပြီး အထပ်မြင့် အဆောက်အအုံများသို့ ပစ္စည်းများပို့သည့်အလုပ်ကို လုပ်နေရသည်။

ပက်သည် မြို့တော်ဆိုးလ်ရှိ တိုက်တန်းများ၏ ဘလောက်တစ်ခုရှိ ဓာတ်လှေကားထဲသို့ အညိုရောင်ပုံးများ တင်ထားသော လှည်းတစ်ခုကို တွန်းဝင်လာခဲ့ပြီး အသက်ကြီးလာပြီဖြစ်သောကြောင့် ၎င်း၏မျက်စိများသည် သေးငယ်သော လိပ်စာအညွှန်းများကို အားစိုက်ဖတ်နေရသည်။ ယခုအချိန်အထိ အလုပ်လုပ်နေရခြင်းမှာ ငွေကြေးက အကြီးမားဆုံး အကြောင်းရင်းဖြစ်ကြောင်း တရားဝင်သတ်မှတ်ထားသည့် အငြိမ်းစားယူရမည့် အသက် ၆၀ ကိုကျော်၍ အလုပ်လုပ်နေရဆဲဖြစ်သည့် သက်ကြီးပိုင်းလုပ်သားထု သန်းပေါင်းများစွာထဲမှ တစ်ဦးဖြစ်သူ ပက်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် ဖွံ့ဖြိုးပြီးနိုင်ငံများအဖွဲ့ (OECD) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သော်လည်း သက်ကြီးရွယ်အိုများ အလွန်အမင်း မြင့်တက်လာနေစဉ် လူမှုဖူလုံရေးစနစ်မှာ အားနည်းနေသည်။ တောင်ကိုရီးယားတွင် သက်ကြီးရွယ်အို ၄၅ ရာခိုင်နှုန်းကျော်သည် အိမ်ထောင်စု ပျမ်းမျှဝင်ငွေ၏ ထက်ဝက်အောက် နည်းသောအနေအထားဖြင့် အတော်အသင့် ဆင်းရဲစွာနေထိုင်နေရပြီး ယင်းပမာဏသည် ပျမ်းမျှ ၁၂ ဒသမ ၅ ရာခိုင်နှုန်းရှိသော OECD အဖွဲ့တွင် အမြင့်ဆုံးအချိုးဖြစ်နေဆဲဖြစ်သည်။

အသက် ၈၀ အထိ လုပ်မယ်

တောင်ကိုရီးယားအား ၁၉၅၀ ပြည့်လွန်နှစ်များ၌ ကိုရီးယားစစ်ပွဲ ဒဏ်ခံရသည့် အပျက်အစီးပုံအဖြစ်မှ ကမ္ဘာ့စီးပွားရေး ဧကဒသမ အင်အားအကြီးဆုံးနိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းခဲ့သည့် စီးပွားရေး တစ်ဟုန်ထိုး တိုးတက်စေရန် ကြိုးပမ်းမှုကာလ (Miracle on the Han) တွင် ပါဝင်သော သန်းပေါင်းများစွာအနက် ပက်သည် တစ်ဦး အပါအဝင်ဖြစ်သည်။

တောင်ပိုင်းဘူဆန်မြို့မှ အထက်တန်းကျောင်းပြီးဆုံးချိန်တွင် ပက်သည် လေအေးပေးစက် ပြုပြင်ထိန်းသိမ်းသည့်အလုပ်ကို လုပ်ကိုင်ခဲ့ပြီး ကလေးသုံးဦးအား ကျွေးမွေးရန်နှင့် ဆိုးလ်တွင် တိုက်ခန်းတစ်ခန်း ဝယ်နိုင်ရန်အတွက် လစာလုံလောက်ခဲ့သည်။ ယင်းနောက် လေအေးပေးစက် ဝန်ဆောင်မှုကုမ္ပဏီကို ကိုယ်ပိုင်ထူထောင်ခဲ့သော်လည်း ပက်ကဲ့သို့ပင် အများအပြားသည် ၎င်းတို့၏ ဘဝနေဝင်ချိန်များအတွက် သက်သာရာရစေရန် အလုံအလောက် မရှာဖွေနိုင်ခဲ့ပေ။

“ကျုပ်တို့မျိုးဆက်က အဲဒီ အသည်းအသန်ကာလမှာ အသက်ဆက်ရှင်သန်နိုင်ဖို့နဲ့ ကလေးတွေ လူလားမြောက်ဖို့ပဲ လုံးပမ်းခဲ့ရတယ်။ ကျုပ်တို့ရဲ့ ဘဝနေဝင်ချိန်အတွက် ကြိုတင်ပြင်ဆင်တာ မလုပ်လိုက်ရဘူး” ဟု ပက်က ပြောကြားခဲ့သည်။

ပက်ဂျဲယိုးက ၎င်းပို့ရမည့် ကုန်ပစ္စည်းများကို ယာဉ်တစ်စီးပေါ်သို့ တင်နေစဉ် (Photo: AFP)

တောင်ကိုရီးယားတွင် ပင်စင်ခံစားခွင့်စနစ်ကို ၁၉၈၈ ခုနှစ်တွင်မှ စတင်မိတ်ဆက်ခဲ့သော်လည်း ၁၉၉၉ ခုနှစ်အထိ မလုပ်မနေရစနစ် မဟုတ်ခဲ့ပေ။ ငွေများထုတ်ပေးမှုသည် အနည်းဆုံး ၁၀ နှစ်သက်တမ်းနှင့်အတူ ပေးသွင်းခဲ့သည့်ပမာဏနှင့် အချိန်ကာလတို့ကို မူတည်နေခဲ့သည်။ တောင်ကိုရီးယားရှိ အသက် ၇၀ နှင့် ၈၀ အရွယ်ဝန်းကျင်များသည် ထိုစနစ်အတွက် ငွေပေးသွင်းရန် အခွင့်အရေးကို လွဲချော်ခဲ့သဖြင့် ပင်စင်ခံစားခွင့် အကျိုးအမြတ်များကို လက်လွှတ်ခဲ့ရကြောင်း ကျန်းမာရေးနှင့် လူမှုရေးရာ ကိုရီးယားအင်စတီကျု့မှ သုတေသီ ဟွမ်နမ်ဟွေက ပြောကြားခဲ့သည်။

ပက်၏ကုမ္ပဏီသည် ၂၀၁၂ ခုနှစ်တွင် ဒေဝါလီခံခဲ့ရာ ၎င်းသည် ပင်စင်ခံစားခွင့်စနစ်မှ တစ်လလျှင် ဒေါ်လာ ၁၃၀ ခန့်နှင့် သက်ကြီးရွယ်အိုအတွက် ထောက်ပံ့ကြေး ဒေါ်လာ ၁၈၀ ခန့်ကို မှီခိုနေရပြီး ကမ္ဘာ့လူနေမှုစရိတ် အမြင့်မားဆုံး မြို့တစ်မြို့တွင် နေထိုင်မှုအတွက် လုံလောက်မှုမရှိခဲ့ပေ။ “မုန့်ဖိုးပေးဖို့တောင် မလောက်ဘူး” ဟု ပက်က ပြောကြားခဲ့ပြီး ကလေးများထံမှ လစဉ်ထောက်ပံ့ကြေးကို မယူလိုကြောင်းလည်း ပြောကြားခဲ့သည်။

သက်ကြီးပိုင်းများအား အလုပ်အကိုင်ပေးနိုင်ရန် ကူညီသော အစိုးရ အစီအစဉ်တစ်ခု၌ ပက်က ပါဝင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကုန်ပို့လုပ်ငန်း၌ စတင်လုပ်ကိုင်ခဲ့သည်။ ယခုအခါ တစ်ပတ်လျှင် သုံးရက် အလုပ်လုပ်နေသော ပက်သည် အထုပ် ၁၀၀ အထိကို သက်ဆိုင်ရာ လိပ်စာများသို့ ပို့ပေးရပြီး တစ်လလျှင် ဒေါ်လာ ၅၀၀ အထိ ရရှိခဲ့သည်။ ၎င်း၏လုပ်ဖော်ကိုင်ဖက် အများစုမှာလည်း အသက် ၇၀ ဝန်းကျင်များဖြစ်ပြီး အသက်ကြီးဆုံးမှာ ၇၈ နှစ်ဖြစ်ကြောင်း သိရသည်။

ဆယ်စုနှစ်ငါးခုကျော်ကြာ အလုပ်လုပ်ခဲ့ပြီးဖြစ်သော်လည်း ပက်သည် ကျန်းမာရေးက ခွင့်ပြုထားသလောက် အသက် ၈၀ အရွယ်အထိ အလုပ်လုပ်သွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ငွေရောင် ဆူနာမီ

တောင်ကိုရီးယားတွင် အမျိုးသမီးများ၏ ပျမ်းမျှကလေးမွေးနှုန်းသည် ၂၀၁၇ ခုနှစ်တွင် ၁ ဒသမ ၀၅ ဦးနှုန်းသို့ စံချိန်တင် ကျဆင်းခဲ့သည်။ အသက် ၆၅ နှစ်ကျော်အရွယ် လူဦးရေသည် ၂၀၃၀ ပြည့်နှစ်မတိုင်မီ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ပြီး ငွေရောင်ဆူနာမီ (သက်ကြီးရွယ်အို မြင့်တက်လာမှု) ဟု အမည်ပြောင်ပေးခဲ့ကြသည်။

အတိတ်ကာလတွင် လက်ဆင့်ကမ်း မိသားစု ဖွဲ့စည်းပုံအရ မျိုးဆက်သုံးဆက်သည် တစ်မိုးတည်းအောက်တွင် အတူနေထိုင်ကြပြီး သက်ကြီးရွယ်အိုများသည် ၎င်းတို့၏ သားသမီး၊ မြေးများ၏ထောက်ပံ့မှုဖြင့် သက်သောင့်သက်သာ နေထိုင်နိုင်ခဲ့ကြောင်း သုတေသီဟွမ်က ပြောကြားခဲ့သည်။ သို့သော် ပြီးခဲ့သောဆယ်စုနှစ်များအတွင်း ဧရာမလူမှုဆိုင်ရာ အပြောင်းအလဲများက သားသမီးတို့၏ ဝတ္တရားများကို မှေးမှိန်သွားစေခဲ့ပြီး သက်ကြီးပုဂ္ဂိုလ်များသည် အလုပ်ဆက်လုပ်ရန်အတွက် တွန်းပို့စေခဲ့သည်။

ပြီးခဲ့သောမတ်တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ တောင်ကိုရီးယားတွင် အသက် ၆၀ ဝန်းကျင်အရွယ်များသည် ၎င်းတို့ အသက် ၂၀ ဝန်းကျင်အရွယ်များကထက် စီးပွားရှာရခြင်း သို့မဟုတ် အလုပ်ရှာရခြင်းတို့ကို ပိုမိုလုပ်ဆောင်နေရသည်ဟု သိရသည်။ ပက်နှင့် ကုန်စုံဆိုင်ငယ်တစ်ဆိုင်တွင် ငွေကိုင်တစ်ဦးအဖြစ် လုပ်ကိုင်နေသည့် အသက် ၆၃ နှစ်ရှိ ၎င်း၏ဇနီးဖြစ်သူတို့သည် အပန်းဖြေကျွန်းစု ဂျယ်ဂျူသို့သွားရန် တစ်နှစ်လျှင် တစ်ပတ်သာ ခွင့်ယူကြောင်း ဆိုသည်။ သို့သော် ပက်က “ကျုပ်ကတော့ အခုချိန်အထိ အလုပ်လုပ်နိုင်သေးတာကိုပဲ ကျေးဇူးတင်မိတယ်။ ကံကောင်းတယ်လို့ မှတ်တယ်” ဟု ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent