<

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ကိုယ်ပိုင်လေယာဉ် Air Force Un

မေ ၉ ရက်က တရုတ်နိုင်ငံ တာ့လျံမြို့မှ ပြန်လည်မထွက်ခွာမီ ကင်ဂျုံအွန်က နှုတ်ဆက်နေစဉ် (Photo: AFP)

ယခုသီတင်းပတ်တွင် ကင်ဂျုံအွန် တရုတ်သို့သွားရောက်ရာ၌ စီးခဲ့သည့်လေယာဉ်ကို Chammae-1 (သို့မဟုတ်) မြောက်ကိုရီးယား၏ အမျိုးသား အထိမ်းအမှတ် ငှက်အမည် Goshawk-1 ဟု တရားဝင် သိရှိထားသော်လည်း မြောက်ကိုရီးယားခေါင်းဆောင်၏ ကိုယ်ပိုင်ဂျက်လေယာဉ်ကို “Air Force Un” ဟု ပို၍ ခေါ်ဆိုနိုင်ခြေရှိသည်။

မြောက်ကိုရီးယားနိုင်ငံ၏ ရုံးသုံးအမည်နှင့် အလံပါဝင်သည့် သက်တမ်းရင့် ဆိုဗီယက်ထုတ် ယင်းလေယာဉ်သည် လွန်ခဲ့သည့် လေးနှစ်က ပထမဆုံးအကြိမ် ပေါ်ထွက်လာခဲ့သည်။ ကင်သည် မြောက်ကိုရီးယားနိုင်ငံတစ်ဝန်း ခရီးစဉ်များစွာကို အဆိုပါလေယာဉ်ဖြင့် သွားရောက်ခဲ့သည်။

ဂျက်လေယာဉ်၏ အတွင်းပိုင်း မြင်ကွင်းများကို မြင်ရခဲသော်လည်း လက်ကိုင်ပါသော အမွှေးပွသားရေထိုင်ခုံတွင် ကင်ထိုင်နေပြီး လေယာဉ်ပြတင်းပေါက်မှတစ်ဆင့် လက်ဝှေ့ယမ်းပြသနေသည့်ပုံကို မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာ Rodong Sinmun က မေ ၉ ရက်တွင် ဖော်ပြခဲ့သည်။

စစ်အေးခေတ် Ilyushin-62 လေယာဉ်ကို နိုင်ငံ၏ အထိမ်းအမှတ် အနီရောင်နှင့် အ၀ါရောင်တို့ဖြင့် တန်ဆာဆင်ထားပြီး ကင်၏အဓိကနိုင်ငံရေးအမည်ဖြစ်သော “Chairman of the State Affairs Commission” ဆိုသော ဂုဏ်ပုဒ်ကို ရေးထိုးထားသည်။

ကင်ဂျုံအွန်၏ အဘိုးဖြစ်သူ ကင်အီဆွန်းသည် ၁၉၉၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သော်လည်း မြောက်ကိုရီးယားနိုင်ငံ၏ သမ္မတရာထူးကို ရာသက်ပန် ရယူထားဆဲဖြစ်သောကြောင့် အသက် ၃၀ ကျော်အရွယ်ရှိ ကင်သည် ယင်းနိုင်ငံ၏သမ္မတ မဖြစ်ခဲ့ပေ။

ကင်၏ ယခုသီတင်းပတ် တရုတ်နိုင်ငံခရီးစဉ်သည် ၂၀၁၁ ခုနှစ်တွင် အာဏာဆက်ခံခဲ့ပြီးနောက်ပိုင်း လေယာဉ်ဖြင့် သွားရောက်ခဲ့သည့် ၎င်း၏ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။ ကင်သည် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မတ်တွင် ပေကျင်းသို့ ရထားဖြင့် သွားရောက်ခဲ့သည်။

ကင်၏ လေယာဉ်သည် ဇိမ်ခံပရိဘောဂများ ထည့်သွင်းထားသော်လည်း ၎င်း၏သက်တမ်းကြောင့် လေယာဉ်၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်ပြီး လေ့လာစိစစ်သူများက သံသယဖြစ်ခဲ့ပြီး ယင်းလေယာဉ်ကို ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြသည်။

ဓာတ်ပုံများတွင် တယ်လီဖုန်းနှင့်ဆင်တူသည့် ကြေးနန်းကိရိယာ၊ ယာဉ်တွင်းဆက်သွယ်သည့် ကိရိယာနှင့် Router တစ်ခုတို့ကို အရောင်တင်ထားသည့်သစ်သား စားပွဲခုံတစ်ခုတွင် သေသပ်စွာ စီတန်းထားပုံ၊ ကင်က ငွေရောင်လက်တော့ပ်၏ရှေ့တွင် ထိုင်နေပုံတို့ကို ပြသထားသည်။ ခရီးလမ်းကြောင်းကို ပြသသည့် ရောင်စုံမော်နီတာကို ကင်၏ထိုင်ခုံအနီးရှိ ပြတင်းပေါက်ပေါ်တွင် တပ်ဆင်ထားပုံရသည်။

ကင်နှင့် ၎င်း၏ဇနီးသည် ဂျက်လေယာဉ်မှ ကော်ဇောနီပေါ်ဆင်းလာသည့် ပထမဆုံးဓာတ်ပုံသည် ၂၀၁၄ ခုနှစ် မေတွင် ထွက်ရှိခဲ့သည်။ ယင်းနောက်ပိုင်း ကင်သည် ပြည်တွင်းသို့ လေယာဉ်ဖြင့် ပုံမှန်သွားလာလေ့ရှိပြီး သူ၏ဖခင် အင်ဂျုံအီနှင့် ဆန့်ကျင်ဘက်အဖြစ် လေယာဉ်ဖြင့် ခရီးသွားလာခြင်းကို စွဲလမ်းကြောင်း ပြသခဲ့သည်။ ကင်ဂျုံအီသည် လေယာဉ်စီးခြင်းကို မနှစ်သက်ဘဲ ၎င်းအုပ်ချုပ်ခဲ့သည့် ၁၇ နှစ်ကြာကာလအတွင်း ပြည်ပခရီးစဉ်များကို လုံခြုံရေးမြင့်သည့် ရထားများဖြင့် သွားရောက်ခဲ့သည်။

Ref: AFP

May 13, 2018














Copy Protected by Chetan's WP-Copyprotect.