တင်းမာသော မဲဆွယ်လှုပ်ရှားမှုများအပြီး အရှေ့တီမောတွင် ရွေးကောက်ပွဲကျင်းပ

တင်းမာသော မဲဆွယ်လှုပ်ရှားမှုများအပြီး အရှေ့တီမောတွင် ရွေးကောက်ပွဲကျင်းပ
Published 13 May 2018

မေ ၁၂ ရက်က ဒီလီတွင် မဲရုံတစ်ရုံ၌ မဲပေးရန် တန်းစီစောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (Photo: AFP)

တင်းမာမှုများပြည့်နေသော ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုပြီးနောက် အရှေ့တီမောက မေ ၁၂ ရက်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ရေနံကိုမှီခိုနေရသော ဆင်းရဲသည့် နုပျိုသောနိုင်ငံတွင် စီးပွားရေးပြောင်းလဲရန်နှင့် ဖွံ့ဖြိုးရေးကို မြှင့်တင်ရန် မဲဆွယ်ကာလ၌ အလေးထားခဲ့ကြသည်။

ဇန်နဝါရီတွင် အဖွဲ့ဝင် ၆၅ ဦးပါဝင်သည့် ပါလီမန်ဖျက်သိမ်းခဲ့ရသည့် လနှင့်ချီသော နိုင်ငံရေးမဆုတ်သာ မတိုးသာသော အခြေအနေဖြစ်ခဲ့ပြီးနောက် ယင်းသည် တစ်နှစ်မပြည့်မီ ကာလအတွင်း ဒုတိယအကြိမ်မြောက် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲဖြစ်သည်။

နိုင်ငံတစ်ဝန်းရှိ မြို့ ၁၃ မြို့တွင် မဲပေးရန် မှတ်ပုံတင်ထားသည့် လူ ၇၈၄,၀၀၀ ရှိပြီး မဲပေးသူများသည် လျှို့ဝှက်မဲပေးရန်အတွက် မဲရုံများသို့ စောစောသွားရောက်ခဲ့သည်။

“ဒီနေ့မှာ ရွေးချယ်မှုကိုလုပ်နိုင်ခဲ့လို့ ကျွန်မဂုဏ်ယူမိတယ်။ Fretilin ပါတီရဲ့ ကောင်းမွန်တဲ့အစီအစဉ်တွေက နိုင်ငံအနာဂတ်ကို ဆောင်ရွက်ပေးနိုင်လို့ Fretilin ပါတီကို မဲပေးခဲ့တယ်” ဟု လီနီဖာနန်ဒက်ဆိုသူ မဲပေးသူတစ်ဦးက ပြောကြားခဲ့သည်။

လူဦးရေ ၁ ဒသမ ၂ သန်းခန့်ရှိသည့် သေးငယ်သည့် ကျွန်းနိုင်ငံငယ်၌ နိုင်ငံရေးပါတီများက ယခုသီတင်းပတ်တွင် မဲပေးသူများကို နောက်ဆုံးပိတ်မဲဆွယ်မှုများ ပြုလုပ်ခဲ့ပြီး ရန်လိုသော မဲဆွယ်လှုပ်ရှားမှုကို အဆုံးသတ်ခဲ့သည်။

Fretilin ပါတီကို ထောက်ခံသူများနှင့် သမ္မတဟောင်း၊ လွတ်လပ်ရေးသူရဲကောင်း ဇာနာနာဂူစမာအို ဦးဆောင်သည့် National Congress for Timorese Reconstruction (CNRT) ကို ထောက်ခံသူများအကြား ပြီးခဲ့သည့်သီတင်းပတ်တွင် အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်တွင် အတော်အသင့် တည်ငြိမ်မှုရှိသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သော်လည်း ယခုရွေးကောက်ပွဲတွင် မတည်ငြိမ်မှု ဖြစ်စေနိုင်သည်ဟု လေ့လာသုံးသပ်သူအချို့က သတိပေးခဲ့သည်။

ပါလီမန် တရားဝင်ဖျက်သိမ်းခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း မာရီအယ်ကာတီရီ၏ လူနည်းစုအစိုးရအဖွဲ့နှင့် အတိုက်အခံဗဟိုပြုသည့် ဂူစမာအို၏ CNRT ပါတီအကြား တင်းမာမှုများဖြစ်နေစဉ် ရွေးကောက်ပွဲ ထပ်မံပြုလုပ်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယမန်နှစ်ဇူလိုင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပွတ်ကာသီကာ အနိုင်ရရှိခဲ့သည့် အယ်ကာတီရီ၏ Fretilin ပါတီသည် မူဝါဒအသစ်တစ်ခုနှင့် ဘတ်ဂျက်အသစ်တစ်ခုကို မိတ်ဆက်ရန် ကြိုးပမ်းခဲ့ပြီးနောက် အရေးနိမ့်ခဲ့သည်။ ပါလီမန်ရွေးကောက်ပွဲသည် ပေါ်တူဂီ ကိုလိုနီဟောင်းနိုင်ငံအတွက် ဝန်ကြီးချုပ်ကို ရွေးချယ်ရန် အဆုံးအဖြတ်ပေးမည်ဖြစ်သည်။

Most Read

Most Recent