ဒူတာတေးအား ဝေဖန်သူ တရားရုံးချုပ်တရားသူကြီးအား ဖိလစ်ပိုင်တရားရုံးချုပ်က ရာထူးမှ ဖယ်ရှား

ဒူတာတေးအား ဝေဖန်သူ တရားရုံးချုပ်တရားသူကြီးအား ဖိလစ်ပိုင်တရားရုံးချုပ်က ရာထူးမှ ဖယ်ရှား
Published 12 May 2018

ရာထူးမှ ဖယ်ရှားခံခဲ့ရသော တရားရုံးချုပ် တရားသူကြီး ဆီရီနိုက မေ ၁၁ ရက်တွင် တရားရုံးအပြင်ဘက်၌ နှုတ်ဆက်နေစဉ် (Photo: AFP)

လူ့အခွင့်အရေးနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲအတွက် ဖိလစ်ပိုင်သမ္မတရိုဒရီ ဂိုဒူတာတေးနှင့် အတိုက်အခံဖြစ်ပွားခဲ့ပြီးနောက် ထုတ်ပယ်ခံရရန် အခြေအနေကြုံခဲ့ရသည့် တရားရုံးချုပ် တရားသူကြီးအား ထုတ်ပယ်ရန် တရားရုံးချုပ်က မေ ၁၁ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ တရားသူကြီး မာရီယာ လောဒေဆီရီနိုအား ထုတ်ပယ်ရန် ကြိုးပမ်းခဲ့မှုကြောင့် ဆန္ဒပြသူ ၂၀၀၀ ခန့်သည် မနီလာရှိ တရားရုံးချုပ်သို့ ချီတက်ခဲ့ကြပြီး ယင်းထုတ်ပယ်မှုသည် ဖိလစ်ပိုင်ဒီမိုကရေစီအား ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။

ဖိလစ်ပိုင်၏ပထမဆုံး အမျိုးသမီး တရားသူကြီးချုပ်ဖြစ်သော ဆီရီနိုသည် သမ္မတအား ဝေဖန်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပစ်မှတ်ထား ခံခဲ့ရသူများတွင် ပါဝင်သည့် ထင်ရှားသော ဝေဖန်သူတစ်ဦးဖြစ်သည်။ ၎င်းအား ထုတ်ပယ်ရန် တရားရုံးချုပ်တွင် မဲခွဲမှု၌ ထောက်ခံမဲ  ရှစ်မဲ၊ ကန့်ကွက်မဲခြောက်မဲတို့ဖြင့် အတည်ပြုနိုင်ခဲ့ပြီး ထိုဆုံးဖြတ်ချက်သည် တရားရုံးထံမှ နောက်ထပ်အရေးယူ ဆောင်ရွက်မှု မလိုအပ်မချင်း ချက်ချင်းသက်ရောက်မည်ဖြစ်ကြောင်း တရားရုံးပြောခွင့်ရ ပုဂ္ဂိုလ်သီအိုဒိုတီက ပြောကြားခဲ့သည်။

ဆီရီနိုသည် ပြီးခဲ့သောနှစ်များအတွင်း အခွန် ပီဆိုနှစ်သန်း (ဒေါ်လာ ၄၀၀၀၀) အား ပေးဆောင်ရန် ပျက်ကွက်မှုအပြင် တရားရုံးဆုံးဖြတ်ချက်များအား လိမ်လည်မှုများ ပြုလုပ်ခဲ့မှုတို့ဖြင့် စွပ်စွဲခံခဲ့ရသည်။ ထို့ပြင် ခမ်းနားသော ဟိုတယ်များတွင် နေထိုင်မှုနှင့် ဇိမ်ခံယာဉ်တစ်စီး ဝယ်ယူမှုအပြင် လေယာဉ်စီးရာတွင် အထူးတန်းများမှ စီးနင်းမှုတို့ဖြင့် အလွန်အကျွံသုံးစွဲခဲ့ကြောင်းလည်း စွပ်စွဲခံခဲ့ရသည်။ ထိုစွပ်စွဲချက်များအား ၎င်းက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ ဆီရီနိုသည် သီးခြားဖြစ်စဉ်အဖြစ် အောက်လွှတ်တော်တွင် စွပ်စွဲပြစ်တင်မှု အဆိုတင် သွင်းခံရမည့်အရေးရင်ဆိုင်နေရပြီး ထိုလုပ်ရပ်သည် ဒူတာတေးက ၎င်း၏ ရန်ဘက်များအား ဖျက်ဆီးပစ်ရန်နှင့် တစ်ဦးတည်း အာဏာ ချုပ်ကိုင်နိုင်ရန်အတွက် ကျယ်ကျယ် ပြန့်ပြန့်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဝေဖန်သူများက စွပ်စွဲခဲ့ကြသည်။

ဆီရီနိုအား ထုတ်ပယ်မှုသည် သေလု မျောပါးဖြစ်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဖိလစ်ပိုင်ဒီမိုကရေစီ၏ နောက်ဆုံးထွက်သက်အား တရားရုံးက အဆုံးသတ်လိုက်ချိန်တွင် နောက်ထပ် အာဏာရှင်အတွက် ခေတ်သစ် စတင်လိုက်ခြင်း ဖြစ်ကြောင်း ဒူတာတေး၏အတိုက်အခံဖြစ်သော ထောင်ဒဏ်ကျခံနေရသည့် အထက်လွှတ်တော်အမတ် လိုင်လာဒေလီမာက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တရားရုံးချုပ်က ထုတ်ပယ်လိုက်သည့် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်း ဆီရီနိုက တရားရုံးချုပ်ထဲမှ ပြုံးလျက် ထွက်လာခဲ့ပြီး တိုက်ခိုက်မှုသည် မပြီးဆုံးသေးကြောင်း ထောက်ခံသူများအားပြောကြားခဲ့သည်။ ယင်းထုတ်ပယ်မှုအား ပြန်လည် စဉ်းစားရန်အတွက် ဆီရီနိုက အဆို တင်သွင်းနိုင်သော်လည်း ထိုကြိုးပမ်းမှုသည်  အချည်းနှီးဖြစ်နိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်ပညာရှင် ပါစစ်ဖီကို အဂါဘင်က ပြောကြားခဲ့သည်။

တရားမဝင် မူးယစ်ဆေးဝါး နှိမ်နင်းမှု နှင့် ဆက်နွှယ်နေသည်ဟု ၎င်းက စွပ်စွဲထားသော တရားသူကြီးများသည် ကိုယ့်ကိုယ်ကိုယ် လာရောက်အဖမ်းခံရန် ဒူတာတေး၏ ညွှန်ကြားချက်အား ဝေဖန်ခဲ့ပြီးနောက် ဆီရီနိုနှင့် သမ္မတအကြား စတင်အချင်းများခဲ့ကြသည်။

 

Most Read

Most Recent