တောင်အာရှ ရေကြီးမှုတွင် လူ ၆၀၀ နီးပါး သေဆုံးပြီး သန်းနှင့်ချီ၍ ရေကြီးမှုဒဏ်ကို ခံစားနေရ

တောင်အာရှ ရေကြီးမှုတွင် လူ ၆၀၀ နီးပါး သေဆုံးပြီး သန်းနှင့်ချီ၍ ရေကြီးမှုဒဏ်ကို ခံစားနေရ
Published 20 August 2017

သြဂုတ် ၁၄ ရက်က ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်းရှိ ကူရီဂရမ်တွင် ရေကြီးမှုကြောင့် ငှက်ပျောပင်ဖြင့် ပြုလုပ်ထားသည့်ဖောင်ဖြင့် သွားလာနေကြသူများ (Photo: AFP)

တောင်အာရှဒေသ တစ်ဝန်းတွင် ရာသီအလိုက် ဖြစ်ပေါ်နေသည့် ရေကြီးမှု၏ ဒဏ်ကို ခံနေရသူ သန်းချီရှိခဲ့ပြီး လူ ၆၀၀ နီးပါး သေဆုံးထားကြောင်း အကူအညီပေးရေး အရာရှိများက ပြောကြားခဲ့သည်။

နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့တွင် ဖြစ်ပေါ်ခဲ့သော ရေကြီးမှုများအတွင်း လူ ၆၀၀ နီးပါး သေဆုံးခဲ့ပြီးဖြစ်ကာ အခြေအနေများသည် ပိုမို ဆိုးရွားလာနိုင်သည်ဟု ခန့်မှန်းထားသည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အဖွဲ့အစည်း (IFRC) မှ ထုတ်ပြန်ချက်ထဲတွင် ယခု ရေကြီးမှုကြီးသည် နှစ်ပေါင်းများစွာအတွင်း ဒေသတွင်း၌ ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကြီးတစ်ခု ဖြစ်လာနိုင်သည်ဟုပင် ဖော်ပြထားသည်။ စားနပ်ရိက္ခာ ပြတ်လပ်မှုများနှင့် ရောဂါဘယများအတွက် စိုးရိမ်ပူပန်မှုများလည်း ရှိနေကြသည်။

ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံ၏ သုံးပုံတစ်ပုံခန့်သည် ရေနစ်မြုပ်နေပြီး အိန္ဒိယနိုင်ငံထဲမှ ပြည်နယ်လေးခုထဲရှိ လူပေါင်း ၁၁ သန်းမှာ ရေကြီးမှုဒဏ်ကို ခံနေရကြောင်း (IFRC) ၏ ဒေသဆိုင်ရာ ဒုတိယဒါရိုက်တာ မာတင်ဖော်လာက ပြောကြားခဲ့သည်။ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထွက်ပြေးရသူ ဦးရေမှာလည်း ထောင်နှင့်ချီရှိပြီ ဖြစ်သည်။

အိန္ဒိယ ဥတာပရာဒေ့ရှ်ပြည်နယ်တွင် လူတစ်သိန်းနီးပါးကို ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ရေကြီးမှုကို လူနှစ်သန်းခန့်က ခံစားနေရကြောင်း အာဏာပိုင်များက ခန့်မှန်းထားသည်။ ဘီဟာပြည်နယ်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၁၅၃ ဦး ရှိခဲ့ပြီဖြစ်သည်။

လက်ရှိတွင် စံချိန်တင်ရေကြီးမှုနှင့် ရင်ဆိုင်နေရသည့် ဘင်္ဂလားဒေ့ရှ်သည် လာမည့်ရက်များအတွင်း အိန္ဒိယမြစ်ရေလျှံရာမှ ထွက်လာမည့်ရေများနှင့် ထပ်မံကြုံတွေ့ရလိမ့်မည်ဟု ခန့်မှန်းနေသည်။ ဘင်္ဂလားဒေ့ရှ်မှ အခြေအနေသည် အလွန်အမင်း ဆိုးရွားနေကြောင်း Save the Children မှ ဒါရိုက်တာဖြစ်သူ မာ့ခ်ပီးယာစ်က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုကြောင့် လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ရေကြီးမှုဒဏ်ကို ခံစားနေရသူ ခြောက်သန်းနီးပါးရှိကြောင်း အာဏာပိုင်များက ဆိုသည်။

နီပေါတွင်မူ သီးနှံစိုက်ခင်း အများအပြား ပျက်စီးခဲ့ပြီး နိုင်ငံတောင်ပိုင်းမှ အဓိက စိုက်ခင်းများစွာ ပျက်စီးသွားခဲ့ပြီဟု နီပေါ ကြက်ခြေနီအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ထို့ပြင် လာမည့်ရက်များအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းလိမ့်မည်ဟု ခန့်မှန်းထားသဖြင့် ရေကြီးမှု အခြေအနေများမှာ ပိုမိုဆိုးရွားလာနိုင်ပြီး ယခင်ကတည်းက လက်လှမ်းမီရန် ခက်ခဲသည့် ဒေသများသို့ အကူအညီများ ပို့ပေးရန် ပိုမို ခက်ခဲသွားမည်ဖြစ်သည်။ အိန္ဒိယတောင်ပိုင်းနှင့် တောင်အာရှဒေသတွင် မုတ်သုံလေးလ ကာလအတွင်း ရေကြီးမြေပြိုမှုများ နှစ်စဉ် ဖြစ်ပွားသည်။

Ref: AFP

Most Read

Most Recent