ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ ကျမ်းသစ္စာကျိန်ဆို

ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ ကျမ်းသစ္စာကျိန်ဆို
Published 11 May 2018

မေ ၁၀ ရက်က ကွာလာလမ်ပူတွင် သတင်းစာရှင်းလင်းပွဲ တစ်ခုအတွင်း ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ မဟာသီယာ စကားပြောကြားနေစဉ် (Photo: AFP)

အသက် ၉၂ နှစ်အရွယ်ရှိ မဟာသီယာ မိုဟာမက်သည် ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ပြီးနောက် မေ ၁၀ ရက်တွင် ကမ္ဘာ့အသက်အကြီးဆုံး ရွေးကောက်တင်မြှောက်ခံ နိုင်ငံခေါင်းဆောင်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။

ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားကို နိုင်ငံတော်နန်းတော်၌ ပြုလုပ်ခဲ့ပြီး ရာစုနှစ်များချီ၍ ကြာပြီဖြစ်သော မွတ်စလင် မလေးအစဉ်အလာများနှင့် ပြည့်နှက်လျက် ရှိသည်။ မဟာသီယာသည် ဘုရင်ဆူလ်တန် မူဟာမက်-၅ ၏ ရှေ့မှောက်တွင် တရားဝင် ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်း ဖြစ်သည်။

မလေးရှားရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် မဟာသီယာသည် ခမ်းနားကြီးကျယ်စွာ တန်ဆာဆင်ထားသော အခန်းတစ်ခန်းအတွင်း ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်းဖြစ်ပြီး သူ၏ နိုင်ငံရေးမဟာမိတ်များနှင့် အကြီးတန်း အစိုးရအရာရှိများ တက်ရောက်ခဲ့သည်။

မဟာသီယာ ကျမ်းသစ္စာကျိန်ဆိုသည့်အခါ နန်းတော်အပြင်ဘက်ရှိ ပျော်ရွှင်မြူးတူးနေသည့် ရာနှင့်ချီသော လူများက ကောင်းချီးသြဘာပေးကြပြီး နိုင်ငံတော်သီချင်းကို သီဆိုကာ လူအချို့သည် မျက်ရည်များပင် ကျခဲ့ကြသည်။ မီးရှူးမီးပန်းများသည်လည်း ကွာလာလမ်ပူမြို့၏ ညကောင်းကင်ယံ၌ ထွန်းလင်း၍နေခဲ့သည်။

“ဒီညမှာ ကျွန်တော်တို့ အရမ်းကို သွေးစည်းညီညွတ်နေသလို ခံစားရပါတယ်။ သူက ဒီနေရာကို အရင်က ရောက်ခဲ့ဖူးတာမို့ မဟာသီယာဟာ အလွန်ကို ထိုးထွင်းသိမြင်နိုင်ပြီး အတွေ့အကြုံလည်း ရင့်ကျက်ပါတယ်” ဟု လူအုပ်ကြီးအတွင်း၌ ရှိနေသော အသက် ၂၄ နှစ်အရွယ်ရှိ ကျောင်းသားတစ်ဦးဖြစ်သည့် အဗ္ဗဒူအဇစ်ဟာမားက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

မဟာသီယာ ပြန်လာခြင်းနှင့်ပတ်သက်၍ မှတ်သားဖွယ် အကောင်းဆုံး လက္ခဏာ တစ်ရပ်မှာ ထောင်ဒဏ်ကျခံနေရသည့် အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်နှင့် ပြန်လည်သင့်မြတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးသည် မလေးရှားနိုင်ငံရေး အခင်းအကျင်းကို ဆယ်စုနှစ် အတန်ကြာအောင် အကြီးအကျယ် လွှမ်းမိုးထားခဲ့သည်။

အန်ဝါသည် မဟာသီယာ၏ အရိုက်အရာကို သေချာပေါက် ဆက်ခံမည့်သူအဖြစ် သတ်မှတ်ခံထားရသော်လည်း နိုင်ငံရေးအရ သဘောထားကွဲလွဲကာ ၁၉၉၈ ခုနှစ်တွင် ဝန်ကြီးချုပ်က သူ့အား ထုတ်ပယ်ခဲ့သည်။

လက်ရှိဝန်ကြီးချုပ် နာဂျစ်ရာဇက်လက်ထက်၌ ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး လာမည့်ဇွန်တွင် ပြန်လည်လွတ်မြောက်လာမည့် အတိုက်အခံသြဇာကြီးပုဂ္ဂိုလ် အန်ဝါအီဘရာဟင်ကို တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိစေရန်အတွက် ကြိုးပမ်းပေးမည်ဟု မဟာသီယာက ကတိပြုခဲ့သည်။ ယင်းမှသာ အန်ဝါက ရွေးကောက်ပွဲ ထပ်မံယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ဝန်ကြီးချုပ်ဖြစ်လာရန် အလားအလာ ရှိမည်ဖြစ်သည်။

ပါလီမန်တွင် အမတ်နေရာအများစု ရရှိနိုင်ရန်အတွက် ပါတီ သို့မဟုတ် ညွန့်ပေါင်းသည် အမတ်နေရာ ၁၁၂ နေရာကို ရရှိရန် လိုအပ်သည်။ မေ ၉ ရက်က ရွေးကောက်ပွဲတွင် မဟာသီယာ၏ အတိုက်အခံညွန့်ပေါင်း Pact of Hope က ဘော်နီယိုကျွန်းရှိ မိတ်ဖက်ပါတီငယ်တစ်ခုနှင့်အတူ အမတ်နေရာ ၁၂၁ နေရာအထိ ရရှိခဲ့သည်။ ပြီးခဲ့သော ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၃၃ နေရာ အထိရရှိခဲ့သော အာဏာရညွန့်ပေါင်း BN ကမူ ၇၉ နေရာသာ ရရှိခဲ့သည်။

Ref: AFP

Most Read

Most Recent