အံ့အားသင့်ဖွယ် ရွေးကောက်ပွဲအောင်ပွဲအပြီး ဝန်ကြီးချုပ်ဟောင်း မဟာသီယာက ဘုရင်နှင့်တွေ့ဆုံ

အံ့အားသင့်ဖွယ် ရွေးကောက်ပွဲအောင်ပွဲအပြီး ဝန်ကြီးချုပ်ဟောင်း မဟာသီယာက ဘုရင်နှင့်တွေ့ဆုံ
Published 11 May 2018

မေ ၁၀ ရက်က ကွာလာလမ်ပူတွင် မဟာသီယာနှင့် ဘုရင်တို့ တွေ့ဆုံမည့် နန်းတော်အပြင်ဘက်၌ အတိုက်အခံ ထောက်ခံသူများက စောင့်ဆိုင်းနေကြစဉ် (Photo: AFP)

မလေးရှားခေါင်းဆောင်ဟောင်း မဟာသီယာမိုဟာမက်သည် ၎င်း၏အတိုက်အခံ ညွန့်ပေါင်းက မေ ၉ ရက် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် မေ ၁၀ ရက်တွင် ဘုရင်နှင့်တွေ့ဆုံခဲ့ကာ အစိုးရအဖွဲ့အား အလျင်အမြန် ဖွဲ့စည်းရန်အတွက် ခွင့်ပြုချက်ရရှိရန် ကြိုးပမ်းခဲ့ကာ အံ့အားသင့်ဖွယ် ရွေးကောက်ပွဲအောင်ပွဲအပြီး အာဏာဆက်ခံရေးအတွက် စိုးရိမ်မှုများကို အဆုံးသတ်ပစ်ခဲ့သည်။ မဟာသီယာနှင့် ၎င်း၏ဇနီးဆီတီဟက်မက်မိုဟာမက်အလီတို့သည် ဘုရင်နှင့်တွေ့ဆုံနိုင်ရန် အတွက် ကွာလာလမ်ပူရှိ နန်းတော်သို့ သွားရောက်ခဲ့ပြီး လမ်းတစ်လျှောက်တွင် ထောက်ခံသူရာပေါင်းများစွာက အလံများဝှေ့ယမ်းပြီး နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြသည်။

လက်ရှိဝန်ကြီးချုပ်နာဂျစ်ရာဇက်လက်ထက်၌ ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီး လာမည့်ဇွန်တွင် ပြန်လည်လွတ်မြောက်လာမည့် အတိုက်အခံ သြဇာကြီးပုဂ္ဂိုလ် အန်ဝါအီဘရာဟင်ကို တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိစေရန်အတွက် ကြိုးပမ်းပေးမည်ဟု မဟာသီယာက ကတိပြုခဲ့သည်။ ယင်းမှသာ အန်ဝါက ရွေးကောက်ပွဲ ထပ်မံယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ဝန်ကြီးချုပ်ဖြစ်လာရန် အလားအလာ ရှိမည်ဖြစ်သည်။

နိုင်ငံရေးဆိုင်ရာ ဧရာမ ကမောက်ကမဖြစ်မှုအဖြစ် မဟာသီယာ၏ အတိုက်အခံ ညွန့်ပေါင်းသည် ၁၉၅၇ ခုနှစ်တွင် နိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း အတားအဆီးမရှိ အုပ်ချုပ်လာနိုင်ခဲ့သည့် ဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ အာဏာရညွန့်ပေါင်း Barisan Nasional (BN) ၏ အာဏာချုပ်ကိုင်ထားမှုကို အဆုံးသတ်ပစ်နိုင်ခဲ့သည်။

ပါလီမန်တွင် အမတ်နေရာအများစု ရရှိနိုင်ရန်အတွက် ပါတီ သို့မဟုတ် ညွန့်ပေါင်းသည် အမတ်နေရာ ၁၁၂ နေရာကို ရရှိရန် လိုအပ်သည်။ မေ ၉ ရက်က ရွေးကောက်ပွဲတွင် မဟာသီယာ၏ အတိုက်အခံညွန့်ပေါင်း Pact of Hope က ဘော်နီယိုကျွန်းရှိ မိတ်ဖက်ပါတီငယ် တစ်ခုနှင့်အတူ အမတ်နေရာ ၁၂၁ နေရာအထိ ရရှိခဲ့သည်။ ပြီးခဲ့သော ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၃၃ နေရာ အထိရရှိခဲ့သော အာဏာရညွန့်ပေါင်း BN ကမူ ၇၉ နေရာသာ ရရှိခဲ့သည်။

ထိတ်လန့်ဖွယ် အရေးနိမ့်ခဲ့မှုအပြီး နာဂျစ်က ပြည်သူများ၏ ဆန္ဒကို လက်သင့်ခံကြောင်း ပထမဆုံးအကြိမ် မှတ်ချက်ပြု ပြောကြားခဲ့သော်လည်း ရှုံးနိမ့်ကြောင်းကို ဝန်ခံခြင်းမရှိသေးပေ။ မည်သည့်ပါတီကမျှ အမတ်နေရာအများစုကို မရရှိခဲ့ခြင်းကြောင့် ဝန်ကြီးချုပ်ကို ရွေးချယ်ရန် ဘုရင်၏ဆုံးဖြတ်ချက်အပေါ် မူတည်နေကြောင်း နာဂျစ်က ပြောကြားခဲ့သည်။ အပြတ်အသတ် အရေးနိမ့်ခဲ့သော်လည်း အာဏာဆက်လက် ဆုပ်ကိုင်ထားနိုင်ရန်အတွက် နာဂျစ်သည် BN သို့ အခြားပါတီများ ဘက်ပြောင်းဝင်ရောက်လာရန်အတွက် အချိန်ဆွဲထားနိုင်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

နာဂျစ်ထူထောင်ခဲ့သော အစိုးရရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1 MDB မှ ဒေါ်လာဘီလျံများစွာ ခိုးယူမှုဆိုင်ရာ စွပ်စွဲချက်များအတွက် ၎င်းအား တရားခွင်သို့ပို့မည်ဟု မဟာသီယာက ကတိပြုထားသည်။ သို့သော် မဟာသီယာသည်လည်း ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်စဉ်အတွင်း အာဏာရှင်ခေါင်းဆောင်ဖြစ်သည်ဟု စွပ်စွဲခံထားရသည်။

Ref: AFP

Most Read

Most Recent