ပြန်ကြီးထွားလာသော ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များ အပြင်းအထန် လေ့ကျင့်

ပြန်ကြီးထွားလာသော ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များ အပြင်းအထန် လေ့ကျင့်
Published 11 May 2018

မေ ၉ ရက်က မနီလာအနောက်မြောက်ဘက် ဇမ်ဘာလီပြည်နယ်တွင် နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ အမေရိကန်နှင့် ဖိလစ်ပိုင် မရိန်းတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (Photo: AFP)

ပိုင်နက်အငြင်းပွားနေသော တောင်တရုတ်ပင်လယ်ကမ်းခြေပေါ်၌ မေ ၈ ရက်က အမေရိကန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များသည် အပြင်းအထန် စစ်ရေးလေ့ကျင့်ခဲ့ကြသည်။ ယင်းစစ်ရေးလေ့ကျင့်မှုများကို ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက အစောပိုင်းတွင် ဖျက်သိမ်းလိုက်ပြီးမှ နောက်ပိုင်းတွင် တိတ်တဆိတ် ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ဆယ်စုနှစ်နှင့်ချီ သက်တမ်းရှိနေပြီဖြစ်သည့် အမေရိကန်-ဖိလစ်ပိုင် ပူးတွဲစစ်ရေး လေ့ကျင့်မှု အစဉ်အလာသည် တရုတ်လိုလားပြီး ကာလရှည် မဟာမိတ်အမေရိကန်ကို တွန်းထုတ်လိုသည့် ဒူတာတေး သမ္မတဖြစ်လာပြီးနောက် သမိုင်းစာအုပ်ထဲသို့ ရောက်ရတော့မလို ဖြစ်ခဲ့သေးသည်။ သို့သော် ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်ဦးရေသည် ယမန်နှစ်ကထက် သုံးပုံတစ်ပုံပိုများလာပြီး အင်အား ၈၀၀၀ အထိရှိခဲ့ကြောင်း သိရသည်။ ထိုပမာဏသည် အားကောင်းလာသော တရုတ်ကို ဟန့်တားရာတွင် ပါးလွှာသော အရံအတားတစ်ခုအဖြစ် ရှိခဲ့သည့် ပြီးခဲ့သည့်နှစ်များအတွင်းက ကျင်းပခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ အတိုင်းအတာနှင့် တူညီသွားခဲ့ပြီဖြစ်သည်။

ဖိလစ်ပိုင်စစ်တပ်သည် ၎င်းတို့၏ ခန့်မှန်းရခက်သော သမ္မတကို ထိန်းချုပ်ရန်အတွက် ဂရုတစိုက် လုပ်ဆောင်ခဲ့သည့် ကြိုးပမ်းမှုများကြောင့် သီတင်းနှစ်ပတ်ကြာ ကျင်းပသည့် Balikatan သို့မဟုတ် Shoulder-to-Shoulder စစ်ရေးလေ့ကျင့်မှုကို ဒူတာတေး၏ သဘောထား ပြောင်းလဲသွားရခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူများက သုံးသပ်ခဲ့သည်။ “လုံခြုံရေး မျှခြေညီမှုနဲ့ ပတ်သက်ပြီး ပိုပြီးနားလည်မှုရသွားတယ်ဆိုတဲ့ သဘောပါပဲ” ဟု နိုင်ငံရေးလေ့လာသူ ဗစ်တာအန်ဒရာစ် မန်ဟင့်ဆိုသည်။

ဖိလစ်ပိုင်က ၎င်းတို့အပိုင်ဟုပြောထားသော စကာဘိုရိုသောင်ကို တရုတ်က ၂၀၁၂ ခုနှစ်တွင် စတင်ထိန်းချုပ်ခဲ့သည်။ ပြန်၍အင်အားကြီးထွားလာသော ယခုနှစ်စစ်ရေး လေ့ကျင့်မှုကြီးအား စကာဘိုရိုသောင်၏ အရှေ့ဘက်မိုင် ၁၁၀ အကွာရှိ ရေတပ်အခြေစိုက် စခန်းတစ်ခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယမန်နှစ်စစ်ရေး လေ့ကျင့်မှုတွင် မပါခဲ့သည့် ကျည်အစစ်သုံးသော စစ်ရေးလေ့ကျင့်မှုအပိုင်းလည်း ယခုနှစ်တွင်ပါဝင်ခဲ့သည်။ သို့သော် စစ်ရေးလေ့ကျင့်မှုခေါင်းဆောင်များသည် တရုတ်နှင့်ပတ်သက်ပြီး အနည်းငယ်သာ ညွှန်းဆိုခဲ့သည်။

“ကျွန်တော်တို့ဟာ ကျွန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကုန်းရေနှစ်သွယ် စစ်ဆင်ရေးတွေမှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တက်အောင် လုပ်ဆောင်ဖို့ လိုအပ်တာဖြစ်ပါတယ်။ စကာဘိုရိုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့စိတ်မဝင်စားပါဘူး။ အခုလုပ်နေတာကိုပဲ ကျွန်တော်တို့ စိတ်ဝင်စားပါတယ်” ဟု ဖိလစ်ပိုင် ဒုတိယဗိုလ်ချုပ်ကြီး အီမန်နျူရယ်ဆာလာမတ်က ပြောကြားခဲ့သည်။

စစ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ဝါရှင်တန်ဆိုင်ရာ ဖိလစ်ပိုင်စစ်သံမှူးဟောင်းလည်း ဖြစ်ခဲ့သော ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒယ်ဖင်လိုရန်ဇာနာနှင့် အခြားအကြံပေးများသည် ဒူတာတေး၏ သဘောထား အလယ်အလတ်ဖြစ်လာစေရန် ကူညီပေးခဲ့ကြသည်ဟု လေ့လာသူများက သုံးသပ်ခဲ့သည်။ အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှု ပြန်လည်အားကောင်းလာခြင်းသည် သမ္မတထရန့် လက်ထက်၌ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာသည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ထရန့်က မူးယစ်ဆေးမှောင်ခိုသမားများ သေဒဏ်ကျသင့်သည်ဟု ပြောခဲ့သူဖြစ်သည်။

Ref: AFP

Most Read

Most Recent