ဆီးရီးယားထဲမှနေ၍ ရော့ကတ်များဖြင့် ပစ်ခတ်ခံခဲ့ရအပြီး အစ္စရေးက ဆီးရီးယားထဲရှိ အီရန်ပစ်မှတ်များအား လေကြောင်းမှတိုက်ခိုက်

ဆီးရီးယားထဲမှနေ၍ ရော့ကတ်များဖြင့် ပစ်ခတ်ခံခဲ့ရအပြီး အစ္စရေးက ဆီးရီးယားထဲရှိ အီရန်ပစ်မှတ်များအား လေကြောင်းမှတိုက်ခိုက်
Published 11 May 2018

အစ္စရေးသိမ်းယူထားသည့် ဂိုလန်ကုန်းမြင့်ရှိ ဆီးရီးယားနယ်စပ်အနီး အစ္စရေးတင့်ကားများအား မေ ၁၀ ရက်က တွေ့ရစဉ် (Photo: AFP)

အီရန်လက်ချက်ဟု အပြစ်တင်ထားသော ဆီးရီးယားထဲမှ ရော့ကတ်များဖြင့် ပစ်ခတ်မှု ကြံုံခဲ့ရအပြီး အစ္စရေးစစ်ဘက်က မေ ၁၀ ရက်တွင် ဆီးရီးယားရှိ အီရန်စစ်ဘက်ပစ်မှတ် ဒါဇင်များစွာကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ရန်ဘက်နှစ်နိုင်ငံအကြား တင်းမာမှု အလွန်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ သီတင်းပတ်ပေါင်းများစွာ တင်းမာမှု မြင့်တက်လာနေမှုနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ရန် ဆုံးဖြတ်ချက်ချခဲ့ပြီး နောက်တွင် ထိုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းလေကြောင်းတိုက်ခိုက်မှုများသည် မကြာသေးမီနှစ်များအတွင်း အစ္စရေး၏အကြီးဆုံး စစ်ဆင်ရေးတစ်ခုဖြစ်ပြီး အီရန်ပစ်မှတ်များအား အကြီးမားဆုံး စစ်ဆင်မှုဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ထုတ်ပြန်ခဲ့သည်။ အစ္စရေးက သိမ်းယူထားသော ဂိုလန်ကုန်းမြင့်ရှိ တပ်ဖွဲ့ဝင်များအား ဆီးရီးယား နိုင်ငံထဲမှနေ၍ ရော့ကတ်အစင်း ၂၀ ကျော် ဖြင့် ပစ်ခတ်မှု ကြုံခဲ့ရပြီးနောက် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုရော့ကတ်များအား အီရန်၏ Al - Quds တပ်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးက အပြစ်ဖို့ခဲ့ပြီး အစ္စရေး၏ဒုံးခွင်းစနစ်သည် ရော့ကတ်လေးစင်းအား ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး ကျန်ရော့ကတ်များသည် အစ္စရေးနယ်မြေထဲသို့ ကျရောက်ခဲ့ခြင်း မရှိကြောင်း၊ အစ္စရေးတစ်ဦးမျှ ဒဏ်ရာမရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်အား အတည်ပြုနိုင်ပါက ဆီးရီးယားရှိ အီရန်တပ်များက အစ္စရေးကို ရော့ကတ်များဖြင့် ပထမဆုံးပစ်ခတ်မှုဖြစ်လာမည်ဖြစ်သည်။ အီရန်တော်လှန်ရေးအစောင့်တပ်နှင့် ဆက်နွှယ်သော အထူးတပ်ဖွဲ့ဖြစ်သည့် Al-Quds တပ်ဖွဲ့က ပစ်ခတ်လိုက်သည်ကို သိရှိထားကြောင်း အစ္စရေးစစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး ဂျိုနသန်ကွန် ရီကပ်စ်က ပြောကြားခဲ့သည်။

အစ္စရေး၏ဒုံးများသည် စစ်စခန်းအများအပြားအပြင် လက်နက်ဂိုဒေါင်တစ်ခုနှင့် စစ်ဘက်ရေဒါစခန်းတို့ကို ထိမှန်ခဲ့ကြောင်း ဆီးရီးယားအစိုးရ သတင်းအေဂျင်စီဆာနာက ဖော်ပြခဲ့သော်လည်း နေရာကိုမူ အတိအကျ မထုတ်ပြန်ခဲ့ပေ။ လေယာဉ်ဖျက်ဒုံးများကလည်း ဆီးရီးယားဝေဟင်တွင် ဒုံးဒါဇင်များစွာအား ပစ်ချနိုင်ခဲ့ကြောင်း၊ ဒုံးအချို့သည် ပစ်မှတ်များအား ထိမှန်ခဲ့ကြောင်း ဆာနာက ဖော်ပြခဲ့သည်။ လေကြောင်းစစ်ဆင်မှု ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ကလည်း နောက်ပိုင်းတွင် အတည်ပြုခဲ့ပြီး အီရန်စစ် ဘက်ပစ်မှတ်ဒါဇင်များစွာသည် ထိမှန်ခဲ့ကာ အစ္စရေးလေယာဉ်အားလုံး ဘေးကင်းစွာပြန်လာနိုင်ခဲ့ကြောင်း ကွန်ရီကပ်စ်က ပြောကြားခဲ့သည်။

အခြေအနေများ အရှိန်မြင့်တက်စေရန် မလိုလားကြောင်း၊ သို့သော် အစ္စရေးသည် တိုက်ခိုက်ခံခဲ့ရပါက အင်အားသုံး တုံ့ပြန်သွားမည်ဖြစ်ကြောင်း ကွန်ရီကပ်စ်က သတိaပးခဲ့သည်။ ထိုဖြစ်စဉ်များနှင့်ပတ်သက်၍ အီရန်ဘက်မှ မှတ်ချက် မထွက်လာသေးပေ။ ဆီးရီးယားနိုင်ငံထဲတွင် အီရန်ဒါဇင်များစွာ သေဆုံးမှုဖြစ်ပေါ်စေခဲ့သည့် မကြာသေးမီက တိုက်ခိုက်မှု တစ်သီတစ်တန်းအတွက် အစ္စaရးသည် အပြစ်တင်ခံထားရသော်လည်း ထိုတိုက်ခိုက်မှုများကို အစ္စရေးက ဝန်မခံခဲ့aပ။ အစ္စရေး၏နောက်ထပ် အဓိကရန်ဘက် ဖြစ်သော အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာထံ အဆင့်မြင့်လက်နက်များ ပေးပို့မှုများအား ဟန့်တားရန်အတွက် ဆီးရီးယားတွင် စီးနင်းတိုက်ခိုက်မှု ဒါဇင်များစွာကို ပြုလုပ်ခဲ့ကြောင်းသာ အစ္စရေးက ဝန်ခံခဲ့သည်။

 

 

Most Read

Most Recent