မြောက်ကိုရီးယားမှ အမေရိကန်နိုင်ငံသားသုံးဦး လွတ်မြောက်လာပြီဟု အမေရိကန်သမ္မတထရန့် ပြောကြား

မြောက်ကိုရီးယားမှ အမေရိကန်နိုင်ငံသားသုံးဦး လွတ်မြောက်လာပြီဟု အမေရိကန်သမ္မတထရန့် ပြောကြား
Published 10 May 2018

မေ ၉ ရက်က ပြုံယမ်းရှိလေဆိပ်တွင် မြောက်ကိုရီးယားဗိုလ်ချုပ်တစ်ဦးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို (ဝဲ) ကို နှုတ်ဆက်နေစဉ် (Photo -AFP)

မြောက်ကိုရီးယားက ၎င်းတို့ထိန်းသိမ်းထားသော အမေရိကန်နိုင်ငံသားသုံးဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေ ၉ ရက်တွင် ကြေညာခဲ့ရာ ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့အကြား စီစဉ်ထားသော ထိပ်သီးမတိုင်မီ သံတမန်ရေးရာအောင်ပွဲတစ်ခုဟု ၎င်းက ဂုဏ်ပြုခဲ့သည်။ ပြုံယမ်းက ထိုသုံးဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ၎င်းတို့သုံးဦးသည် ပြုံယမ်းသို့ သွားရောက်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့်အတူ ပြန်လာနေပြီဖြစ်ကြောင်း သိရသည်။

ထိုသုံးဦးအနက် စိုက်ပျိုးရေးကျွမ်းကျင် ပညာရှင် ကင်ဟက်ဆောင်းနှင့် ပါမောက္ခဟောင်း တိုနီကင်တို့သည် ၂၀၀၇ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး နောက်တစ်ဦးဖြစ်သော တောင်ကိုရီးယားဖွား အမေရိကန်နိုင်ငံ သားလုပ်ငန်းရှင်နှင့် သင်းအုပ်ဆရာဖြစ်သူ အသက် ၆၀ ဝန်းကျင်ရှိ ကင်ဒုံချူးသည် ၂၀၁၆ ခုနှစ်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရခြင်း ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယိုသည် လူတိုင်းကတွေ့ဆုံနိုင်ရန် မျှော်လင့်နေသော ထိုအမျိုးသားသုံးဦးနှင့်အတူ မြောက်ကိုရီးယားမှ ပြန်လာနေပြီဖြစ်ပြီး ၎င်းတို့သည် ကျန်းမာရေးလည်း ကောင်းမွန်သည်ဟု သတင်းထုတ်ပြန်လိုကြောင်း ထရန့်က Twitter တွင် ရေးသားခဲ့သည်။ ထိုအမျိုးသားသုံးဦးသည် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ နေရပ်ပြန်မည့် Air Force One လေယာဉ်ပေါ်သို့ အကူအညီမပါဘဲ လမ်းလျှောက်တက်နိုင်ခဲ့ကြောင်း အိမ်ဖြူတော်ကလည်း ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံသားသုံးဦးအား ပြန်လွှတ်ပေးခဲ့သည့် ကင်ဂျုံအွန်၏လုပ်ရပ်များကို ထရန့်က အသိအမှတ်ပြုခဲ့ပြီး ကောင်းမွန်သော စိတ်ထားဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ ပွန်ပီယိုကလည်း ကင်နှင့်တွေ့ဆုံခဲ့ကြောင်း၊ အမေရိကန်သုံးဦးအား ပြန်ခေါ်လာနိုင်မှုအတွက် ဝမ်းမြောက်ကြောင်း Twitter တွင် ရေးသားခဲ့သည်။

ယခုကဲ့သို့ ပြန်လွှတ်ပေးမှုသည် လာမည့်သီတင်းပတ်များအတွင်း ကျင်းပရန်စီစဉ်ထားသည့် ၎င်းနှင့်ကင်တို့၏ ထိပ်သီးအတွက် အပြုသဘော သက်ရောက်မည်ဟု မျှော်လင့်ကြောင်း ထရန့်က တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် ဖုန်းပြောမှုတွင် ပြောကြားခဲ့သည်ဟု တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်က ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် ထိုအမေရိကန် သုံးဦးအား ပြန်လွှတ်ပေးရန် ပြီးခဲ့သော နှစ်လကတည်းက ဆုံးဖြတ်ခဲ့ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယုံဟိုက ၎င်းတို့အား ပြန်လွှတ်ပေးရန် ပြီးခဲ့သော မတ်က ဆွီဒင်၌ဆွေးနွေးပွဲတွင် အဆိုပြုခဲ့ကြောင်းထိုဆွေးနွေးမှုနှင့်နီးစပ်သော တာဝန်ရှိသူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

ကင်နှင့်ထိပ်သီးကျင်းပမည့်အချိန်နှင့် နေရာစသည့် အသေးစိတ်အချက်အလက်များအား အစိုးရက သုံးရက်အတွင်းကြေညာပေးမည်ဟု ထရန့်က သတင်းထောက်များကို ပြောကြားခဲ့သော်လည်း သမိုင်းဝင်ကိုရီးယား ထိပ်သီးကျင်းပခဲ့သည့် ကိုရီးယားစစ်မဲ့ဇုန်ရှိ ပန်မန်ဂျွန်ရွာတွင် ပြုလုပ်ဖြစ်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြုံယမ်းတွင် ပွန်ပီယိုအား တွေ့ဆုံခဲ့သော မြောက်ကိုရီးယားတာဝန်ရှိသူ ကင်ယုံချူးက ဆွေးနွေးပွဲပြုလုပ်ရန် မြောက်ကိုရီးယား၏ လမ်းဖွင့်ထားမှုသည် ပြင်ပကမ္ဘာမှချမှတ်ခဲ့သော ပိတ်ဆို့အရေးယူမှုများ၏ ရလဒ်မဟုတ်ဘဲ အစိုးရအဖွဲ့အတွင်း အာရုံစိုက်မှု အပြောင်းအလဲကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ၎င်းတို့တွင် ပြီးပြည့်စုံသော နျူကလီးယားစွမ်းရည် ပိုင်ဆိုင်နေပြီဖြစ်ကြောင်း၊ ၎င်းတို့၏ မူဝါဒသည် နိုင်ငံစီးပွားရေး တိုးတက်စေရန်အတွက် အားစိုက်ကြိုးပမ်းရန်ဖြစ်ကြောင်း ကင်ယုံချူးက ပြောကြားခဲ့သည်။

Ref ;AFP

Most Read

Most Recent