သံတမန်ရေးရာ ကြိုးပမ်းမှုအရှိန်မြှင့်နေစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြုံယမ်းသို့ သွားရောက်

သံတမန်ရေးရာ ကြိုးပမ်းမှုအရှိန်မြှင့်နေစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြုံယမ်းသို့ သွားရောက်
Published 10 May 2018

ဧပြီ ၂၆ ရက်က ပြုံယမ်းတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (ယာ) က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို (ဝဲ) ကို နှုတ်ဆက်နေစဉ် (Photo - AFP)

စီစဉ်ထားသော အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲမတိုင်မီ သံတမန်ရေးရာ အရှိန်မြှင့်ကြိုးပမ်းမှု၏ အခရာအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် မေ ၉ ရက်တွင် ပြုံယမ်းသို့ သွားရောက်ခဲ့သည်။ သီတင်းပတ်များအတွင်း ဒုတိယအကြိမ်မြောက်နှင့် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးအဖြစ် ပြုံယမ်းသို့ မကြေညာဘဲ သွားရောက်ခဲ့သော ပွန်ပီယိုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့အကြား မကြုံစဖူး ထိပ်သီးအတွက် အကြိုပြင်ဆင်ရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားတွင် ထိန်းသိမ်းခံထားရသော အမေရိကန်နိုင်ငံသားသုံးဦးအား လွှတ်ပေးရန်အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ၎င်းတို့အား နေရာရွှေ့ပြောင်းထားကြောင်း သတင်းများထွက်ပေါ်နေစဉ် ပွန်ပီယိုက ပြုံယမ်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယားတွင် ဆောင်းရာသီအိုလံပစ်ကို အကြောင်းပြု၍ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှု အလျင်အမြန်ကျဆင်းသွားမှုသည် ပြီးခဲ့သောနှစ်တွင် ထရန့်နှင့် ကင်တို့က မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးနှင့် နျူကလီးယား အစီအစဉ်တို့နှင့်ပတ်သက်၍ စစ်ပွဲခြိမ်းခြောက်မှုများနှင့် ပုဂ္ဂိုလ်ရေးအရ အပြန်အလှန် စော်ကားမှုများဖြစ်ပေါ်မှုမှ အလွန်အမင်း ကွဲပြားနေခဲ့သည်။

မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတည် ဆောက်နေကြောင်း၊ အလုပ်ဖြစ်၊ မဖြစ်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ အလုပ်ဖြစ်ချင်မှလည်း ဖြစ်မည်ဖြစ်ကြောင်း၊ သို့သော် မြောက်ကိုရီးယား၊ တောင်ကိုရီးယားနှင့် တစ်ကမ္ဘာလုံးအတွက် ထူးကဲသောအရာတစ်ခု ဖြစ်နိုင်ကြောင်း ထရန့်က အိမ်ဖြူတော်မှ ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ပြုံယမ်းသို့ ပွန်ပီယိုက မရောက်ရှိမီ နာရီပိုင်းအလိုတွင် ထရန့်က အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ရာ ပြုံယမ်းအား ၎င်း၏ နျူကလီးယားလက်နက်များ စွန့်လွှတ်ရန်အတွက် ဆွဲဆောင်ရန် အလားအလာများကို ရှုပ်ထွေးစေခဲ့သည်။

မေ ၈ ရက်တွင် ကင်ကလည်း သီတင်းပတ်ခြောက်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် ပေကျင်း၌ တရုတ်သမ္မတရှီကျင်ပင်းကို ဒုတိယအကြိမ်မြောက် တွေ့ဆုံခဲ့ရာ စစ်အေးခေတ် မဟာမိတ်နှစ်နိုင်ငံအကြား တင်းမာခဲ့သော ဆက်ဆံရေးကို ပြန်လည်ဖာထေးရန် ကြိုးပမ်းမှုအား မီးမောင်းထိုးပြခဲ့သည်။ သက်ဆိုင်သည့်ဘက်အားလုံးက ၎င်းတို့၏ရန်လိုသော မူဝါဒများအား စွန့်လွှတ်ပြီး မြောက်ကိုရီးယားအား လုံခြုံရေးခြိမ်းခြောက်မှုများအား ဖယ်ရှားပေးလျှင် မြောက်ကိုရီးယားအတွက် နျူကလီးယားပိုင်ဆိုင်သောနိုင်ငံဖြစ်ရန် မလိုအပ်ကြောင်း ကင်ကရှီအား ပြောကြားခဲ့သည်ဟု တရုတ်အစိုးရသတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားတွင် ထိန်းသိမ်းခံထားရသည့် အမေရိကန်သုံးဦး ပြန်လွတ်ရန်မျှော်လင့်ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ထုတ်ပြန်ထားစဉ် မြောက်ကိုရီးယားသည် ထိုသုံးဦးအား ပြန်လွှတ်ပေးပြီး ပွန်ပီယိုနှင့်အတူ ထည့်ပေးလိုက်ဖွယ်ရှိကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သည်။ အရှေ့အာရှ၏ အဓိကအင်အားကြီးများဖြစ်သော ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်တို့အကြား တိုကျို၌ ထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့စဉ် ပွန်ပီယို၏ ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ပြီးခဲ့သောလတွင် ကင်ဂျုံအွန်နှင့်အတူ လက်မှတ်ထိုးခဲ့သည့် ပန်မန်ဂျွန်ကြေညာချက်ကိုသာ အတည်ပြုရန် ယင်းသုံးနိုင်ငံကို တိုက်တွန်းခဲ့သည်။

Ref ; AFP

Most Read

Most Recent