Uber က အနာဂတ်အတွက် တက္ကစီယာဉ်ပျံ ပုံစံတူကို ပြသ

Uber က အနာဂတ်အတွက် တက္ကစီယာဉ်ပျံ ပုံစံတူကို ပြသ
Published 10 May 2018

မေ ၈ ရက်က လော့စ်အိန်ဂျလိစ်၌ Uber Elevate Summit တွင် Bell Air Tax ပုံစံတူအား လေ့လာနေသူများကို တွေ့ရစဉ်

အနာဂတ်သယ်ယူပို့ဆောင်ရေးအတွက် ရည်မှန်းထားသော တက္ကစီယာဉ်ပျံ၏ ရှေ့ပြေးကို Uber က မေ ၈ ရက်တွင် ထုတ်ဖော်ပြသခဲ့သည်။ မြို့ပြယာဉ်ကြော ပိတ်ဆို့မှုများကို သက်သာရာရစေရန် ရည်ရွယ်သော ယင်းယာဉ်ပျံသည် လျှပ်စစ်စွမ်းအင်သုံး ယာဉ်ပျံဖြစ်ကာ ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်သော ယာဉ်ဖြစ်လာမည် ဖြစ်သည်။

ရဟတ်ယာဉ်နှင့် မောင်းသူမဲ့ လေယာဉ်တို့ကို ပေါင်းစပ်ထားသော ယင်းယာဉ်ပျံကို လော့စ်အိန်ဂျလိစ်တွင် ကျင်းပသော Uber ၏  Uber Elevate ပြပွဲတွင် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ရွှေ့လျားသွားလာနိုင်စွမ်းကို လုံးဝပြောင်းလဲပစ်ရန် ရည်မှန်းထားကြောင်း Uber ၏ လေကြောင်းထုတ်ကုန်တာဝန်ခံ နီခီဂိုအယ်က ပြောကြားခဲ့သည်။

လျှပ်စစ်စွမ်းအင်ကို အပြည့်အဝအသုံးပြုမည့် ယင်းယာဉ်ပျံသည် တစ်ကြိမ်အားသွင်းထားပါက တစ်နာရီလျှင် မိုင်၂၀၀ (ကီ လိုမီတာ ၃၀၀) နှုန်းဖြင့် မိုင် ၆၀ အတွင်း ပျံသန်းနိုင်မည်ဖြစ်ကြောင်း ဂိုအယ်က ပြောကြားခဲ့သည်။ Uber သည် အင်တာနက်မှ ကားငှားနိုင်သော ဝန်ဆောင်မှုဖြင့် သယ်ယူပို့ဆောင်ရေးတွင် ကမ္ဘာ့အင်အားကြီးတစ်ခု ဖြစ်လာသည်။ ထို့ပြင် မောင်းသူမဲ့ယာဉ်နှင့် အခြားသယ်ယူပို့ဆောင်ရေး ပုံစံမျိုးစုံကို Uber က စမ်းသပ်လုပ်ဆောင်နေသည်။

ယာဉ်ပျံလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်တွင် လော့စ်အိန်ဂျလိစ်မြို့၌ ပထမဆုံးအကြိမ် သရုပ်ပြပျံသန်းရန် Uber က စီစဉ်ထားပြီး ၂၀၂၃ ခုနှစ်တွင် ယာဉ်ပျံအငှား လုပ်ငန်းကို စီးပွားဖြစ်လုပ်ဆောင်ရန်ရည် မှန်းထားသည်။ Uber ၏ လေကြောင်းပို့ဆောင်ရေး စီမံကိန်းများကို ဦးဆောင်သူ အားရစ်အယ်လီဆင်က ယာဉ်ပျံများသည် ကိုယ်ပိုင်ကားမပါသည့် ဘဝနေထိုင်မှုပုံစံအတွက် ရည်မှန်းထားသော မဟာဗျူဟာ၌ တစ်စိတ်တစ်ပိုင်းပါဝင်ကြောင်း ပြောကြားထားသည်။

သယ်ယူပို့ဆောင်ရေးအတွက် ဆင်ခြင်စဉ်းစားရွေးချယ်မှုတွင် ကားတစ်စီးပိုင်ဆိုင် မောင်းနှင်ရေးသည် တဖြည်းဖြည်းလျော့ပါးသွားမည်ဖြစ်ကြောင်း အယ်လီဆင်က ပြောကြားခဲ့သည်။ ဈေးနှုန်းကို သက်သာစေရန် ဆောင်ရွက်ပြီးကားကို အသုံးပြုစရာမလိုရန်  ရည်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပထမဆုံးသော ယာဉ်ပျံများသည် လေယာဉ်မှူးတစ်ဦး ပါဝင်မည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ မောင်းသူမဲ့ယာဉ်ပျံများ ဖြစ်လာစေရန် တည်ဆောက်သွားမည်ဟု အယ်လီဆင်က ပြောကြားခဲ့သည်။

Uber သည် ယာဉ်ပျံများကို ပြသသည့်ပွဲတွင် ယင်းယာဉ်ပျံများကို အသုံးပြုမည့် အနာဂတ်မြို့ နမူနာများကိုလည်း ပြသခဲ့သည်။ ယင်းစိတ်ကူးတွင် အငှားယာဉ်ပျံများ၏ ဗဟိုချက်အတွက် အသုံးပြုနိုင်သော ကောင်းကင်ဆိပ်ကမ်းများလည်း ပါဝင်ခဲ့သည်။

အမေရိကန်မြို့များတွင် ယာဉ်ပျံများ အသုံးပြုနိုင်ရေးအတွက် စူးစမ်းရှာဖွေရန် သဘောတူညီချက်တစ်ရပ်ကို Uber က NASA နှင့် လက်မှတ်ရေးထိုးထားသည်။

Ref ; AFP

Most Read

Most Recent