မလေးရှားရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း မဟာသီယာနှင့် လက်သပ်မွေးတပည့်ဟောင်း ဝန်ကြီးချုပ်နာဂျစ်တို့ ယှဉ်ပြိုင်ကြမည်

မလေးရှားရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း မဟာသီယာနှင့် လက်သပ်မွေးတပည့်ဟောင်း ဝန်ကြီးချုပ်နာဂျစ်တို့ ယှဉ်ပြိုင်ကြမည်
Published 9 May 2018

မေ ၈ ရက်က ကွာလာလမ်ပူတွင် (၁၄) ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ မတိုင်မီ အာဏာရပါတီညွန့်ပေါင်း၏ အလံများကို ချိတ်ဆွဲထားစဉ် (Photo – AFP)

မလေးရှား မဲဆန္ဒရှင်များသည် မေ ၉ ရက် ရွေးကောက်ပွဲတွင် ပြန်လည်တက်ကြွလှုပ်ရှားလာသူ အသက် ၉၂ နှစ်ရှိ အာဏာရှင်ဆန်သည့် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်အား ရွေးချယ်မည်လား သို့မဟုတ် အစိုးရရန်ပုံငွေထဲမှ ဒေါ်လာဘီလျံပေါင်းများစွာ ခိုးယူသည့်အရှုပ်တော်ပုံ၌ ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် လက်ရှိဝန်ကြီး ချုပ်နာဂျစ်ရာဇက်ကိုပင် တတိယမြောက် သက်တမ်းအတွက် ဆက်လက်ရွေးချယ်မည် လားဆိုသည့် အားရစရာမကောင်းသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရမည် ဖြစ်သည်။

ဆယ်စုနှစ်ခြောက်ခုကြာ အာဏာချုပ်ကိုင်လာခဲ့သော နာဂျစ်၏ အာဏာရပါတီသည် ကျေးလက်မဲဆန္ဒရှင်များအား ပိုမိုအသာပေးထားသည့် ရွေးကောက်ပွဲစနစ်ကြောင့် အာဏာကို ဆက်လက်ဖမ်းဆုပ်ထား နိုင်ဖွယ်ရှိသော်လည်း တရားဝင်မှု ကျဆင်းသည့် တန်ဖိုးပေးဆပ်ရနိုင်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။ ယခုရွေးကောက်ပွဲသည် နိုင်ငံရေးမင်းမျိုးစိုးနွယ်ဝင်ဖြစ်သည့် နာဂျစ်က မလေးရှားအား ၂၀၀၃ ခုနှစ်အထိ ၂၂ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ၎င်း၏ နိုင်ငံရေးဆရာဖြစ်သူ ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်ကို ယှဉ်ပြိုင်မှုဖြစ်လာမည် ဖြစ်သည်။

နာဂျစ်က ထူထောင်ပြီး ကြီးကြပ်ခဲ့သော အစိုးရရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1 MDB မှ ဒေါ်လာဘီလျံပေါင်းများစွာ ခိုးယူခံခဲ့ရသည့် အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံကို ဒေါသထွက်လျက် မဟာသီယာကအာဏာရ ညွန့်ပေါင်း၏ United Malay National Organization ပါတီမှ နုတ်ထွက်၍ တစ်ချိန်က ၎င်းအား အကြီးမားဆုံး အတိုက်အခံအဖြစ် သတ်မှတ်ထားသော အတိုက်အခံပါတီများနှင့် ပူးပေါင်းခဲ့သည်။ နာဂျစ်၏ ဘဏ်စာရင်းထဲသို့ ဒေါ်လာသန်း ၇၀၀ ရောက်ရှိ နေမှုအပါအဝင် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အကြား နာဂျစ်၏ တွဲဖက်များက 1 MDB မှ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ခိုးယူခဲ့ကြောင်း အမေရိကန် စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။

မလေးရှား မဟာမိတ်အမေရိကန်အပါအဝင် နိုင်ငံအများအပြားတွင် စုံစမ်းစစ်ဆေးခံနေရသော ထိုခြစားမှုနှင့် ငွေကြေးခဝါချမှု အရှုပ်တော်ပုံအပြင် ၂၀၁၅ ခုနှစ်တွင် မလေးရှားအစိုးရက ကုန်စည်နှင့်ဝန်ဆောင်မှု အခွန်ချမှတ်ခဲ့မှုကြောင့် ဆင်းရဲသောမလေးရှားများကို အထိနာစေခဲ့မှုတို့က မဲဆန္ဒရှင်များ၏ စိတ်ထဲတွင် နေရာယူနေမည်ဖြစ်သည်။ သို့သော် လူနည်းစုတရုတ်များက နိုင်ငံရေးကို လွှမ်းမိုးသွားနိုင်ရန် လမ်းပွင့်စေမည့် အတိုက်အခံများ၏ အောင်ပွဲဖြစ်နိုင်သည့် မလေးရှားနိုင်ငံရေးတွင် ထာဝရရှိနေသည့် လူမျိုးရေးကိစ္စသည် ငုပ်လျှိုးနေသည့် အင်အားစုအဖြစ် သြဇာကြီးနေဆဲ ဖြစ်သည်။

အာဏာရပါတီညွန့်ပေါင်း National Front သည် ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲတွင် ပါလီမန်၌ ၎င်း၏ အမတ်နေရာသုံးပုံနှစ်ပုံကို ဆုံးရှုံးခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် လူထုဆန္ဒမဲ၌ ရှုံးနိမ့်ခဲ့ကာ အဆိုးရွားဆုံးရလဒ် ဖြစ်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် မဲ ၄၇ ရာခိုင်နှုန်းသာ ရရှိခဲ့သော်လည်း မလေးလူမျိုးများ လွှမ်းမိုးထားသည့် ကျေးလက်ဒေသများမှမဲများက မြို့ပြဒေသမှ မဲများထက် ပိုမိုသြဇာကြီးသည့် ရွေးကောက်ပွဲစနစ်ကြောင့် ပါလီမန်၌ အမတ်နေရာ ရာခိုင်နှုန်း ၆၀ ကို ရရှိခဲ့ကြောင်း သိရသည်။

မေ ၉ ရက် ရွေးကောက်ပွဲတွင် မဲရရှိမှု ထပ်မံလျော့နည်းနိုင်သော်လည်း အာဏာရ ညွန့်ပေါင်းသည် ပါလီမန်၌ အမတ်နေရာ အများစုရရှိထားမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြေရှိသည်။ ရလဒ်များ အလွန်အမင်း ဆိုးရွားပါက နာဂျစ်သည် ပါတီတွင်းမှ စိန်ခေါ်မှု သို့မဟုတ် ညွန့်ပေါင်းပါတီမှ ပါတီငယ်များက ဘက်ပြောင်းမှုတို့ကြောင့် အစိုးရသည် သက်တမ်းပြည့် မထမ်းဆောင်နိုင်မှုတို့ကိုမူ ရင်ဆိုင်ရနိုင်သည်။

ရွေးကောက်ပွဲအကြိုကြေညာချက်တွင် နာဂျစ်က မဟာသီယာသည် ကိုယ့်ကိုယ်ကိုယ် ဝန်ခံခဲ့သည့် အာဏာရှင်တစ်ဦးဟု ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့သည်။ အတိုက်အခံများကိုသာ မဲပေးပါက မလေးရှား၏ အားကောင်းသော စီးပွားရေးတိုးတက်မှုကို မတည်မငြိမ်ဖြစ်စေနိုင်ပြီး တရုတ်လူမျိုးအခြေခံထားသောပါတီမှ အတိုက်အခံခေါင်းဆောင်များက မလေးလူမျိုးနောက်တွင် ၎င်းတို့ရပ်တည်ကြောင်း ပုံဖျက်လျက် မဲဆန္ဒရှင်များကို လိမ်ညာနေကြောင်း နာဂျစ်က စွပ်စွဲခဲ့သည်။

အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်သည် ဓမ္မတာနှင့်ဆန့်ကျင်၍ လိင်ဆက်ဆံမှုစွဲချက်များဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် ၂၀၁၅ ခုနှစ်တွင် ပြိုကွဲခဲ့သော အတိုက်အခံများသည် မဟာသီယာကြောင့် ပြန်လည်အားကောင်းလာခဲ့သည်။

Ref ; AFP

Most Recent