ထရန့်က အီရန်နျူကလီးယားသဘောတူညီချက်မှနုတ်ထွက်၊ မထွက် မဆုံးဖြတ်မီ အီရန်က ပြဿနာကြုံရနိုင်ဟု အီရန်သမ္မတ သတိပေး

ထရန့်က အီရန်နျူကလီးယားသဘောတူညီချက်မှနုတ်ထွက်၊ မထွက် မဆုံးဖြတ်မီ အီရန်က ပြဿနာကြုံရနိုင်ဟု အီရန်သမ္မတ သတိပေး
Published 9 May 2018

မေ ၆ ရက်က နိုင်ငံအနောက်မြောက်ပိုင်းရှိ ဆက်ဇီဗာမြို့တွင် စုဝေးမှုတစ်ခု၌ သမ္မတ ရိုဟာနီက နှုတ်ဆက်နေစဉ် (Photo - AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ အကြားရရှိခဲ့သည့် အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်၊ မထွက်ကို မကြေညာသေးမီ အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက မေ ၈ ရက်တွင် အီရန်သည် ပြဿနာအချို့ ကြုံတွေ့ရနိုင်ကြောင်း သတိပေးခဲ့သည်။ ထရန့်အား တိုက်ရိုက်မရည်ညွှန်းခဲ့သော်လည်း မြို့တော်တီဟီရန်တွင် ရေနံကွန်ဖရင့် တစ်ခု၌ ပြောကြားခဲ့သော ရိုဟာနီ၏ မှတ်ချက်များသည် အီရန်နျူကလီးယား သဘောတူညီချက်အတွက် ဆုံးဖြတ်ချက်ကို မေ ၈ ရက်တွင် ကြေညာမည်ဖြစ်ကြောင်း ထရန့်က မေ ၇ ရက် ညသန်းခေါင်တွင် Twitter ၌ တင်ခဲ့သည့် မှတ်ချက်ကို အီရန်က တရားဝင် မှတ်ချက်ပြုမှုလည်း ဖြစ်သည်။

၎င်းတို့သည် နှစ်လ သို့မဟုတ် သုံးလခန့် ပြဿနာအချို့ ကြုံရနိုင်ခြေရှိကြောင်း၊ သို့သော် ၎င်းတို့က ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ရိုဟာနီက ပြောကြားခဲသည်။ အီရန်သည် ကမ္ဘာကြီးနှင့် ဆက်လက်လက်တွဲ လုပ်ကိုင်ရန်နှင့် အပြုသဘောပူးပေါင်းဆောင်ရန်လိုလားကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ ယင်းမှတ်ချက်သည် ၂၀၁၅ ခုနှစ်က အီရန်နျူကလီးယားသဘောတူညီချက် ရရှိခဲ့ပြီးနောက်ပိုင်း အီရန်နှင့် စီးပွားရေးသဘောတူညီချက်များ တစ်သီတစ်တန်း ရရှိခဲ့သည့် ဥရောပကို ခေါင်းညိတ်လိုက်မှု ဖြစ်ဖွယ်ရှိသည်။

အမေရိကန်၏ အလားအလာရှိသော ပိတ်ဆို့အရေးယူမှုများမှ ဥရောပကုမ္ပဏီများကို ကာကွယ်ပေးရန် ဥပဒေများအား ဥရောပသမဂ္ဂက ပြဋ္ဌာန်းပေးမည်ဟု အီရန်က မျှော်လင့်ထားသည်။

ထရန့်က မေ ၇ ရက်ညသန်းခေါင်တွင် Twitter ၌ ရေးသားခဲ့ခြင်းကြောင့် အီရန်ရှိ အဓိကသတင်းစာများက ထိုကြေညာချက်ကို မျက်နှာဖုံး၌ မဖော်ပြနိုင်ခဲ့ပေ။ အီရန်အစိုးရ ရုပ်သံသတင်းဌာနက ထရန့်၏မှတ်ချက်ကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီ၌ ဖော်ပြခဲ့ပြီး အစိုးရသတင်းအေဂျင်စီ IRNA ကလည်း ထိုသတင်းကို ဖော်ပြခဲ့သည်။

၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်အရ အစ္စလာမ္မစ်သမ္မတ နိုင်ငံအီရန်၏ နျူကလီးယားစီမံကိန်းများအား ကန့်သတ်မှုများ ချမှတ်ပြီး အပြန်အလှန်အားဖြင့် အီရန်အား ချမှတ်ထားသောပိတ်ဆို့ အရေးယူမှုများကို ဖြေလျှော့ပေးခြင်း ဖြစ်သည်။ သို့သော် ထိုသဘောတူညီချက်သည် အချိန်အကန့်အသတ်ရှိပြီး အီရန်၏ ပဲ့ထိန်းဒုံးစီမံကိန်းများ သို့မဟုတ် ဒေသတွင်းဆိုင်ရာ အီရန်၏မူဝါဒများကို လွှမ်းခြုံမှုမရှိကြောင်း ထောက်ပြလျက် အဆိုးရွားဆုံး သဘောတူ ညီချက်ဟု ထရန့်က ဝေဖန်ခဲ့သည်။

အီရန်ပါလီမန်ဥက္ကဋ္ဌ အလီလာရီဂျာနီက ထရန့်သာ ထိုသဘောတူညီချက်မှ နုတ်ထွက်လိုက်ပါက အီရန်ပြည်သူများအကြား ညီညွတ်မှု မြင့်တက်လာမည်ဟု ပြောကြားခဲ့သည်။ အီရန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဗာလီယိုလာဆက်ဖ်ကလည်း အမေရိကန်ဆုံးဖြတ်ချက်များသည် အီရန်စီးပွားရေးအတွက် ပြဿနာ မဖန်တီးနိုင်ကြောင်း အစိုးရရုပ်သံသို့ ပြောကြားခဲ့သည်။ သို့သော် တီဟီရန်နှင့် နိုင်ငံတွင်းရှိ ဒေသများမှ ပြည်သူအများအပြားက ထရန့်၏ဆုံးဖြတ်ချက်သည် အီရန်အတွက် ဆိုးရွားစေနိုင်မည်ကို စိုးရိမ်နေကြသည်။

Ref ; AFP