ရုရှားသမ္မတပူတင်က စတုတ္ထမြောက်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆို

ရုရှားသမ္မတပူတင်က စတုတ္ထမြောက်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆို
Published 8 May 2018

မေ ၇ ရက်က မော်စကိုရှိ ကရင်မလင်တွင် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ရောက်ရှိလာသည့် ရုရှားသမ္မတပူတင် (Photo: AFP)

အနောက်နိုင်ငံများနှင့် ဆက်ဆံရေး အလွန်အမင်းကျဆင်းနေမှုနှင့် အတိုက်အခံများအား ဖြိုခွင်းမှု အရိပ်မည်းများက ဖုံးလွှမ်းနေစဉ် ရုရှားသမ္မတ ဗလာဒီမာပူတင်က မေ ၇ ရက်တွင် စတုတ္ထမြောက်သက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ နိုင်ငံတစ်ဝန်း၌ ၎င်းအား ဆန့်ကျင်သည့် ဆန္ဒပြမှုများအတွင်း အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာညီအပါအဝင် ဆန္ဒပြသူ ၁၆၀၀ နီး ပါး ထိန်းသိမ်းခံခဲ့ရပြီးနောက် နှစ်ရက်အကြာတွင် ပူတင်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်းဖြစ်သည်။

ရုရှားအား အုပ်ချုပ်မှု ၁၈ နှစ် ကြာမြင့်လာပြီဖြစ်သော ပူတင်သည် ပြီးခဲ့သော သက်တမ်းအတွင်း၂၀၁၄ ခုနှစ်၌ ယူကရိန်းထံမှ ခရိုင်းမီးယားအား သိမ်းယူခဲ့ပြီး ၂၀၁၅ ခုနှစ် တွင် ဆီးရီးယား၌ သမ္မတဘာရှားအယ်အာဆတ် အစိုးရဘက်မှ ကူညီတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကာ ပြည်တွင်း၌လည်း ၎င်း၏ လာမည့်သက်တမ်းအတွင်း လူနေမှုအဆင့်အတန်း တိုးတက်စေရန် ကြိုးစားမည်ဟု ကတိပြုထားသည်။

၂၀၂၄ ခုနှစ်တွင် ၎င်း၏ စတုတ္ထမြောက်သက်တမ်း အဆုံးသတ်ချိန်၌ ရွေးကောက်ပွဲ ထပ်မံယှဉ်ပြိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပိတ်ပင်ထားချိန်တွင် ပူတင်သည် ၎င်းအား ဆက်ခံမည့်သူကိစ္စကို နှုတ်ဆိတ်နေဆဲဖြစ်သည်။ ခရိုင်းမီးယားအား သိမ်းယူမှုကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု နှင့်  ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့ရေနံဈေးကျဆင်းမှုတို့ကြောင့် မော်စကိုက အလွန်အမင်း အထိနာခဲ့ပြီးနောက် ပူတင်သည် စီးပွားရေး ပြန်လည်အားကောင်းလာစေရန် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။

ယခုနှစ် ကျမ်းသစ္စာကျိန်ဆိုမှုတွင် ကရင်မလင်၌ ကြီးကျယ်ခမ်းနားသော ဂုဏ်ပြုပွဲအား ထည့်သွင်းခြင်းမပြုမှု အပါအဝင်  အတော်အသင့် ခပ်မှိန်မှိန်သာ ကျင်းပရန် စီစဉ်ထားခဲ့သည်။ ၂၀၁၂ ခုနှစ်က တတိယမြောက် သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားသို့ ပူတင်သည် အနက်ရောင်ကားယာဉ်တန်းဖြင့် လူသူကင်းမဲ့နေသော မော်စကိုလမ်းများကို ဖြတ်ကာ သွားရောက်ခဲ့သည်။ ယခုအခမ်းအနားတွင်မူ ပူတင်သည် ရွေးကောက်ပွဲမဲဆွယ်စဉ်၌ ပါဝင်ကူညီခဲ့သည့် စေ့တနာဝန်ထမ်းများနှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။

မေ ၅ ရက်က နိုင်ငံတစ်ဝန်းတွင် တစ်ရက်ကြာ ပြုလုပ်ခဲ့သည့် အတိုက်အခံများ၏ ဆန္ဒပြမှုများအား နှိမ်နင်းမှုတွင် ရုရှားအင်ပါယာခေတ်က ဇာဘုရင်များ၏ မြင်းတပ်မှ  အဖွဲ့ဝင်များအဖြစ် ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်အဖွဲ့ပုံစံ Cossacks များအဖြစ် ဝတ်ဆင်ထားသည့် ပူတင်လိုလားသူများက  မော်စကို ရဲတပ်ဖွဲ့ကို ကူညီပေးခဲ့ကြောင်း သိရသည်။ Cossacks များသည် ဆန္ဒပြသူများအား ကျာပွတ်များဖြင့်ရိုက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်း ပြုလုပ်စဉ် ရဲများက ရပ်ကြည့်နေသည်ကို ၎င်းတို့၏ကိုယ်စားလှယ်များကမြင် တွေ့ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အတိုက်အခံများအား နှိမ်နင်းမှုသည်  ရုရှားအစိုးရက ပူတင်၏ သက်တမ်းသစ်အတွင်း အစိုးရနှင့် သဘောကွဲလွဲသူများအား  သည်းခံမည်မဟုတ်ကြောင်း ပြသလိုခြင်ဖြစ်သည်ဟု မော်စကိုရှိ Centre of Political Technologies မှ ပါရီအခြေစိုက် နိုင်ငံရေး သုံးသပ်သူ တက်ယာနာစတန်နိုဗာယာက ပြောကြားခဲ့သည်။

 

 

 

Most Read

Most Recent