<

တောင်တရုတ်ပင်လယ်ရှိ ကျွန်းစုတွင် တရုတ်က ဒုံးများချထားဟု အမေရိကန်မီဒီယာဖော်ပြ

၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် အမေရိကန်ရေတပ်တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီဘီဟားရစ်ကို Fiery ကျောက်တန်းတွင် တရုတ်၏ တည်ဆောက်နေမှု ဓာတ်ပုံနှင့်အတူ တွေ့ရစဉ် (Photo: AFP)

တရုတ်သည် ပိုင်ဆိုင်မှုအငြင်းပွားနေကြသော တောင်တရုတ်ပင်လယ်၌ ကာကွယ်ရေးအဆောက်အအုံများကို တည်ဆောက်ရန် ၎င်း၏ အခွင့်အရေးများအား မေ ၃ ရက် တွင် အခိုင်အမာပြသခဲ့သော်လည်း ဒေသတွင်း၌ ၎င်းတို့တည်ဆောက်ခဲ့သော လူလုပ်ကျွန်းစုတွင် ဒုံးသစ်များကို ချထားခဲ့ကြောင်း သတင်းများအား အတည်ပြုရန်ကိုမူ ငြင်းဆန်ခဲ့သည်။ တောင်တရုတ်ပင်လယ်တွင် ၎င်း၏ စစ်ဆန်သောလုပ်ရပ်များအတွက် အထူးပြု မဖော်ပြသည့် အကျိုးဆက်များကို တရုတ်က ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၀ါရှင်တန်က သတိပေးခဲ့သည်။

ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ကပါ ပိုင်ဆိုင်သည်ဟု ထုတ်ပြန်ထားကြသော ထိုတပ်စခန်းများတွင် သင်္ဘောဖျက်နှင့် ဝေဟင်မှ ဝေဟင်ပစ်ဒုံးများအား တရုတ်စစ်တပ်က ပြီးခဲ့သော ရက် ၃၀ အတွင်း ချထားခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးနှင့် နီးစပ်သော သတင်းရင်းမြစ်များအား ကိုးကား၍ အမေရိကန် ရုပ်သံကွန်ရက် CNBC က မေ ၂ ရက် တွင် ဖော်ပြခဲ့သည်။ ထိုသတင်းအချက်အလက်များအား အတည်ပြုနိုင်ပါက မဟာဗျူဟာမြောက် အလွန်အမင်းအရေးပါသော ရေကြောင်းဒေသ၌ ထိစပ်နေကြသည့်နိုင်ငံများအကြား တင်းမာမှု တစ်ဖန်မြင့်တက်လာနိုင်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဟွာချန်ယင်ကမူ မေ ၃ ရက် က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထိုဒုံးများချထားမှု သတင်းကို အတည်ပြု သို့မဟုတ် ငြင်းဆန်မှု မပြုခဲ့ပေ။ လိုအပ်သော နိုင်ငံကာကွယ်ရေး အဆောက်အအုံများ တည်ဆောက်မှု အပါအ၀င် စပရက်တလီ ကျွန်းစုတွင် တရုတ်၏ငြိမ်းချမ်းသော တည်ဆောက်မှုများသည် တရုတ်၏ အချုပ်အခြာအာဏာ နှင့် လုံခြုံရေးကို ကာကွယ်ရန်ရည်ရွယ်ကြောင်း၊ ထိုအချုပ်အခြာအာဏာကို ချိုးဖောက်ရန် ရည်ရွယ်ခြင်းမရှိသူများသည် စိုးရိမ်နေစရာ အကြောင်းမရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်က ၎င်းတို့ထိန်းချုပ်ထားသော ကျောက်တန်းများတွင် မြေယာဖော်ထုတ်မှုများနှင့် အရပ်ဘက်အဆောက်အအုံများ တည်ဆောက်မှုအပြင် စစ်လေယာဉ်များ ဆင်းသက်နိုင်သော လေယာဉ်ဆင်းကွင်းများ အပါအ၀င် လေတပ်စခန်းများ၊ ရေဒါနှင့်ဆက်သွယ်ရေးစနစ်များ၊ ရေတပ်အဆောက်အအုံများနှင့် ကာကွယ်ရေးလက်နက်များကိုလည်း ထားရှိခဲ့ကြောင်း သိရသည်။

ဒုံးသစ်များ ချထားသည့်နေရာများမှာ  Fiery Cross ကျောက်တန်း၊ Subi ကျောက်တန်းနှင့် Mischief ကျောက်တန်းတို့ဖြစ်ကြောင်း CNBC က ဖော်ပြခဲ့သည်။ ထို ကျောက်တန်းများသည် ဗီယက်နမ်နှင့်ဖိလစ်ပိုင်တို့အကြား တရုတ်ပြည်မကြီး၏တောင်ဘက်၏ ရေပြင်ရှိ စပရက်တလီကျွန်းစုတွင် တည်ရှိကြောင်း သိရသည်။

ဝါရှင်တန်သည် တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက်အငြင်းပွားမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း ထိုဒေသတွင် ပေကျင်း၏ စစ်ဆန်သောလုပ်ရပ်များကို စိုးရိမ်ကြောင်း တရုတ်ကို တိုက်ရိုက်ပြောကြားခဲ့ပြီး မကြာတော့သည့်ကာလနှင့် ရေရှည်တွင် နောက်ဆက်တွဲများ ကြုံရမည်ဟု သတိပေးခဲ့ကြောင်း အိမ်ဖြူတော်ပြန်ကြားရေးအတွင်း ၀န်ဆာရာ ဆန်ဒါးစ်က မေ ၃ ရက်တွင် ပြောကြားခဲ့သည်။

 

 

May 4, 2018














Copy Protected by Chetan's WP-Copyprotect.