ဂရေ့စ်မူဂါဘီ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည့် တောင်အာဖရိကမော်ဒယ် ကျေအေးရန်အတွက် လျော်ကြေး ကမ်းလှမ်းခံရ

ဂရေ့စ်မူဂါဘီ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည့် တောင်အာဖရိကမော်ဒယ် ကျေအေးရန်အတွက် လျော်ကြေး ကမ်းလှမ်းခံရ
Published 19 August 2017

ဇင်ဘာဘွေသမ္မတ၏ ဇနီး၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည်ဆိုသော တောင်အာဖရိကမော်ဒယ် အန်ဂျယ်စ်အား သြဂုတ် ၁၇ ရက်က တွေ့ရစဉ် (Photo: AFP)

ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီ၏ဇနီး ဂရေ့စ်မူဂါဘီ၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည်ဆိုသော အသက် ၂၀ ရှိ တောင်အာဖရိက မော်ဒယ်သည် စွဲချက်တင်နိုင်သည့် အလားအလာမှ ရှောင်လွဲှနိုင်ရန် လျော်ကြေး ကမ်းလှမ်းခံခဲ့ရကြောင်း ရှေ့နေတစ်ဦးက သြဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။ အသက် ၅၂ နှစ်ရှိ ဂရေ့စ်နှင့် ပတ်သက်၍ နယ်စပ်များ၌ အရေးကြီးအဆင့် တပ်လှန့်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဂရေ့စ်အား ဖမ်းဝရမ်းထုတ်ရန် ရဲတပ်ဖွဲ့က စဉ်းစားခဲ့ကြောင်းလည်း သတင်းထွက်ခဲ့သည်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်ရှိ ဟိုတယ်တစ်ခုတွင် ဂရေ့စ်၏ လျှပ်စစ်မီး ကြားဆက်ကြိုးဖြင့် ရိုက်နှက်ခံခဲ့ရသည်ဟုဆိုသော မော်ဒယ်ဂါဘရီရယ်လာအန်ဂျယ်စ်က နဖူးနှင့် နောက်စေ့တို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး အလွန်အမင်း ထိခိုက်နာကျင်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့မှုဖြင့် ၎င်းက ရဲစခန်း၌ အမှုဖွင့်ခဲ့ကြောင်း သိရသည်။ ယင်းအမှုအတွက် ကျေအေးပေးရန် ကြားခံအဖွဲ့တစ်ဖွဲ့က အန်ဂျယ်စ် မိသားစုထံ ချဉ်းကပ်၍ လျော်ကြေး ကမ်းလှမ်းခဲ့ကြောင်း ရှေ့နေဂျာရိုင်းနယ်က အန်ဂျယ်စ်နှင့်အတူ သြဂုတ် ၁၇ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြားခဲ့သည်။ ချစ်သူအား သတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားခဲ့သည့် မသန်စွမ်း အားကစားသမား အော်စကာပစ်တိုရီးယပ်စ်အား ၂၀၁၅ ခုနှစ်တွင် ရုံးတင်စစ်ဆေးနိုင်ရန် လုပ်ဆောင်နိုင်ခဲ့မှုအတွက် ရှေ့နေနယ်သည် ထင်ရှားခဲ့သည်။

ယင်းကြားခံအဖွဲ့က ၎င်းတို့အား ဆွေးနွေးရန် ခွင့်တောင်းပြီး အမှုအား ရုပ်သိမ်းစေလိုကြောင်း၊ လျော်ကြေးပမာဏကိုမူ မပြောကြားခဲ့ကြောင်း နယ်က ပြောကြားခဲ့သည်။ အန်ဂျယ်စ်မိသားစုကမူ ယင်းကဲ့သို့ ကျေအေးရန် စိတ်မဝင်စားကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပြီးခဲ့သောလတွင် ဟာရာရီလေဆိပ်၌ မတော်တဆမှု ဖြစ်ခဲ့အပြီး ခြေချင်းဝတ်ဒဏ်ရာ ကုသရန် တောင်အာဖရိကသို့ လာရောက်ခဲ့သည့် ဂရေ့စ်က ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သံတမန်ဆိုင်ရာ တရားစွဲဆိုမှုမှ ကင်းလွတ်ခွင့်ကို တောင်းဆိုခဲ့သည်ဟု တောင်အာဖရိက ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ မော်ဒယ်အား တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် အချိန်က ယင်းဟိုတယ်တွင် ဂရေ့စ်၏ သားနှစ်ဦးလည်း တည်းခိုနေကြောင်း သိရသည်။

အန်ဂျယ်စ်၏ အမှုအား စုံစမ်းစစ်ဆေးနေသော တာဝန်ရှိသူ တစ်ဦးက ယခုအခါ ဂရေ့စ်မူဂါဘီအား (ဖမ်း) ဝရမ်းထုတ်သွားမည် ဖြစ်ကြောင်း သြဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်ဟု နယ်က ပြောကြားခဲ့သည်။ နယ်သည် ရာဇဝတ်မှု ကျူးလွန်ခံခဲ့ရသူများအား ကူညီပေးသည့် အရပ်ဘက် လူ့အခွင့်အရေးအဖွဲ့ Afri-Forum ၏ ကိုယ်စားပြုဖြစ်ပြီး ယင်းအဖွဲ့က အန်ဂျယ်စ်အမှုအတွက် ကူညီပေးမည်ဟု ထုတ်ပြန်ခဲ့သည်။ ဂရေ့စ်အား သံတမန်ဆိုင်ရာ တရားစွဲဆိုမှုမှ ကင်းလွတ်ခွင့်ပေးရန် မည်သည့်ကြိုးပမ်းမှုကိုမဆို ဟန့်တားသွားမည်ဟု Afri-Forum က ထုတ်ပြန်ခဲ့ပြီး ယင်းအမှုအား သီးခြားတရားစွဲဆိုမှု ပြုလုပ်ရန်ပင် စဉ်းစားနေကြောင်း ထုတ်ပြန်ခဲ့သည်။

Ref: AFP

Most Read

Most Recent