Facebook ပေါ်တွင် မိုဒီက ထရန့်ထက် နှစ်ဆ ပိုမိုကျော်ကြား

Facebook ပေါ်တွင် မိုဒီက ထရန့်ထက် နှစ်ဆ ပိုမိုကျော်ကြား
Published 3 May 2018

၂၀၁၇ ခုနှစ် ဇွန် ၂၆ ရက်က အိမ်ဖြူတော်တွင် ညစာစားပွဲအပြီး၌ အိန္ဒိယဝန်ကြီးချုပ်မိုဒီအား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်ဇနီးတို့က နှုတ်ဆက်နေစဉ် (Photo - AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် Twitter ပေါ်၌ ကြီးစိုးနိုင်ဖွယ်ရှိနေသော်လည်း Facebook ပေါ်တွင်မူ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီထက်များစွာ နောက်သို့ကျန်နေရစ်ကြောင်း မေ ၂ ရက်က ထုတ်ပြန်ခဲ့သည့်လေ့လာမှုအရ သိရသည်။

လူမှုမီဒီယာကြီး Facebook ပေါ်တွင် မိုဒီသည် ယခုအချိန်အထိ  Followers အများဆုံးနိုင်ငံ့ခေါင်းဆောင် တစ်ဦးဖြစ်နေကာ Followers ဦးရေ ၄၃ ဒသ မ ၂ သန်းရှိကြောင်း သိရသည်။ ယင်းပမာဏသည် Followers ဦးရေ ၂၃ ဒသမ ၁ သန်းရှိသော ထရန့်ထက် နှစ်ဆနီးပါး ပိုမိုများပြားနေခြင်းဖြစ်သည်ဟု Burson – Martsteller  ဆက်သွယ်ရေးလုပ်ငန်း၏ လေ့လာမှုတစ်ခုအရ သိရသည်။

အာရှဒေသတွင် Facebook ကို Twitter ထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြဖွယ်ရှိသော်လည်း Twitter သည်လည်း အာရှခေါင်းဆောင်များအတွက် Followers ဦးရေအများအပြားရှိသည့် လူမှုမီဒီယာကြီးတစ်ခု ဖြစ်သည်။

Facebook Followers ဦးရေရာခိုင်နှုန်း ၅၀ နီးပါး မြင့်တက်လာကာ ၉ ဒသမ ၆ သန်းအထိ ရှိသော ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်မှာမူ နံပါတ်ငါးနေရာတွင် ရှိနေသည်ဟု လေ့လာမှုတွင် ဖော်ပြခဲ့သည်။ ထို့ကြောင့် ဟွန်ဆန်၏ Facebook Followers ဦးရေသည် ကမ္ဘောဒီးယားနိုင်ငံထဲမှ Facebook အသုံးပြုသူဦးရေ (၇ ဒသမ ၁ သန်း) ထက် ပိုမိုများပြားနေသည်။ သို့သော် ခမာစကား ပြော Facebook အသုံးပြုသူ ၁၄ ဒသမ ၄ သန်းထက်မူ နည်းနေသေးသည်ဟု လေ့လာမှုထဲတွင် ထောက်ပြထားသည်။

ဒေါ်နယ်ထရန့်မှာမူ Facebook ပေါ်တွင် တုံ့ပြန်မှုအများဆုံးရရှိသူ ဖြစ်နေသည်ဟု သိရသည်။ ပြီးခဲ့သည့် ၁၄ လတာ ကာလအတွင်း အမေရိကန်သမ္မတထရန့်၏ ပို့စ်များသည် Like ၊ Share နှင့် Comment ၂၀၄ ဒသမ ၉ သန်း စုစုပေါင်းရရှိခဲ့ပြီး ယင်းပမာဏသည် ၁၁၃ ဒသမ ၆ သန်းရှိသည့် မိုဒီထက် နှစ်ဆပိုမိုများပြားကြောင်း လေ့လာမှုအရ သိရသည်။

ထို့ပြင် ထရန့်သည် တစ်နေ့လျှင် ပျမ်းမျှခြင်းအားဖြင့် Facebook ပေါ်၌ ပို့စ်ငါးကြိမ် တင်လေ့ရှိသဖြင့် မိုဒီ၏ Facebook ပို့စ်အရေ အတွက်ထက် နှစ်ဆပိုများနေသည်ကို တွေ့ရသည်။ Followers အနည်းအများစာရင်းတွင် Followers ဦးရေ ၁၆ သန်းရှိသော ဂျော်ဒန်မိဖုရား ရာနီယာမှာ တတိယနေရာတွင် ရှိနေသည်။

မေ ၂ ရက်က ထွက်လာသည့် လေ့လာမှုထဲတွင် လူမှုမီဒီယာအဖွဲ့များကို လက်လွှဲထားခြင်းမရှိဘဲ Facebook Page များကို ကိုယ်တိုင်အသုံးပြုသည့် လက်တစ်ဆုပ်စာ အရေအတွက်ရှိသော နိုင်ငံ့ခေါင်းဆောင်များကို အလေးပေးဖော်ပြထားခြင်း ဖြစ်သည်။

နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန်သည်လည်း Facebook ပေါ်တွင် အထူးလှုပ်ရှားမှုရှိသူတစ်ဦးဖြစ်ကာ Live များကို ပုံမှန်လွှင့်တင်လေ့ရှိသူတစ်ဦး ဖြစ်သည်။ ကိုယ်ဝန်ခုနစ်လရှိပြီဖြစ်သော ဂျက်ဆင်ဒါသည် Facebook ပေါ်တွင် လူချစ်လူခင်အများဆုံး ကမ္ဘာ့ခေါင်းဆောင်ဖြစ်လာပြီး ၎င်း၏ ပို့စ်များကို တုံ့ပြန်မှုတို့၏ ၁၄ ရာခိုင်နှုန်းမှာ Follower များက ပေးပို့သော အသည်းပုံများ ဖြစ်ကြသည်။

Ref; AFP

Most Read

Most Recent