ဆီးရီးယားအလယ်ပိုင်းတွင် ဒုံးများဖြင့်ပစ်ခတ်မှုများကြောင့် အီရန်အများစုအပါအဝင် လူ ၂၆ ဦး သေဆုံး

ဆီးရီးယားအလယ်ပိုင်းတွင် ဒုံးများဖြင့်ပစ်ခတ်မှုများကြောင့် အီရန်အများစုအပါအဝင် လူ ၂၆ ဦး သေဆုံး
Published 2 May 2018

ဧပြီ ၂၉ ရက်က ဒမတ်စကတ်တောင်ပိုင်းတွင် IS အဖွဲ့၏ လက်ဖြောင့်သေနတ်သမားများ၏ရန်မှ အကာအကွယ်ယူနေသော ဆီးရီးယားစစ်သားများကို တွေ့ရစဉ် (Photo - AFP)

ဆီးရီးယားအလယ်ပိုင်းတွင် ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အီရန်အများစုအပါအဝင် ဆီးရီးယားအစိုးရဘက်တော်သား တိုက်ခိုက်ရေးသမား ၂၆ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့က ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ရာ ထိုစီးနင်းမှုသည် တီဟီရန်၏ရန် ဘက်အစ္စရေး၏ လက်ချက်ဖြစ်ကြောင်း ပြသနေသည်။

ထိုတိုက်ခိုက်မှုများသည် ရန်စမှုသစ်များဖြစ်ကြောင်း ရှုတ်ချခဲ့သည့် ဆီးရီးယားအစိုးရက တိုက်ခိုက်ရေးသမားများအား နိုင်ငံမြောက်ပိုင်းသို့ ရွှေ့ပြောင်းရန် သဘောတူညီချက်များ ထပ်မံရရှိမှုနှင့်အတူ မြို့တော် ဒမတ်စကတ်မှ လက်နက်ကိုင်အဖွဲ့များကို ဆက်လက်နှင်ထုတ်နေခဲ့သည်။

ဧပြီ ၂၉ ရက်နှောင်းပိုင်းက ဒုံးပစ်ခတ်မှုများသည် အလက်ပိုနှင့် ဟာမားပြည်နယ်တို့ရှိ စစ်ဘက်ပစ်မှတ်နှစ်ခုကို ထိမှန်ခဲ့ကြောင်း၊ ဟာမားတွင် အမှတ်-၄၇ တပ်မဟာဟုခေါ်သော ဆီးရီးယားအစိုးရလိုလားသည့် တိုက်ခိုက်ရေးသမားများ အခြေစိုက်ထားသည့် စခန်းတစ်ခုကို ထိမှန်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုနှစ်နေရာစလုံးသည် မြေပြင်မှ မြေပြင်ပစ်ဒုံးများဖြင့် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဟာမားတွင် ပစ်ခတ်မှုအတွင်း ဆီးရီးယားလေးဦးအပါအဝင် တိုက်ခိုက်ရေးသမား ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ အခြားသူများသည် ပြည်ပတိုက်ခိုက်ရေးသမားများဖြစ်ပြီး အီရန်က အများစုပါဝင်ကြောင်း၊ ပစ်မှတ်၏ သဘောသဘာဝအရ အစ္စရေး၏ တိုက်ခိုက်မှု ဖြစ်နိုင်ခြေရှိကြောင်း စောင့်ကြည့်အဖွဲ့မှ ညွှန်ကြားရေးမှူး ရာမီအဗ္ဗဒယ်ရာမန်က ပြောကြားခဲ့သည်။

အစ္စရေးထောက်လှမ်းရေးဝန်ကြီး ယီစရေးကက်ဇ်က နောက်ဆုံးတိုက်ခိုက်မှုများနှင့် ပတ်သက်၍ မသိထားသော်လည်း ဆီးရီးယားတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုနှင့် မငြိမ်သက်မှုများသည် အီရန်က ထိုနိုင်ငံတွင် စစ်ဘက်တည်ရှိမှုကို အခြေခိုင်စေရန် ကြိုးပမ်းမှုများ၏ ရလဒ်ဖြစ်ကြောင်း၊ ဆီးရီးယားတွင် အီရန်က မြောက်ဘက်ခြေကုပ် စခန်းတစ်ခု ဖွင့်မည်ကို အစ္စရေးက ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်က ဧပြီ ၂၉ ရက် ညသန်းခေါင်က ဖြစ်ပွားခဲ့သော ထိုတိုက်ခိုက်မှုများအား ထည့်သွင်းမပြောကြားဘဲ ရန်လိုသောနိုင်ငံများသည် တိုက်ရိုက်ရန်စသည့်အဆင့်သို့ ပြောင်းလဲလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆီးရီးယားတွင် ရန်စမှုအရှိန်မြင့်တက်လာခြင်းသည် အကြမ်းဖက်မှုအား အမြစ်ဖြတ်ရန် ဆီးရီးယား၏ စိတ်ပိုင်းဖြတ်မှုကို အားကောင်းစေမည်ဖြစ်ကြောင်း အီရန်အစိုးရ ကိုယ်စားလှယ်တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီးနောက် အာဆတ်က ပြောကြားခဲ့သည်ဟု အစိုးရသတင်း အေဂျင်စီဆာနာက ထုတ်ပြန်ခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး အာဗစ်ဒေါလစ်ဘာမန်းက ဆီးရီးယားတွင် အီရန်က စစ်ရေးခြေကုပ်ယူရန် မည်သည့်ကြိုးပမ်းမှုကိုမဆို တိုက်ခိုက်သွားမည်ဟု ဧပြီ ၂၆ ရက်က အင်တာဗျူးတစ်ခုတွင် သတိပေးခဲ့သည်။ အီရန်သည် အာဆတ်အစိုးရအား ထောက်ပံ့ရန် ဆီးရီးယားတွင် တပ်ဖွဲ့ဝင်များချထားခဲ့ပြီး ၎င်းက ထောက်ပံ့နေသည့် ရှီအိုက်ပြည်သူ့စစ်အဖွဲ့အများအပြားကို ကြီးကြပ်နေသည်။

Ref ;AFP

Most Read

Most Recent