ကင်ဂျုံအွန်နှင့် ထိပ်သီးဆွေးနွေးပွဲကို ကိုရီးယားစစ်မဲ့ဇုန်ထဲ၌ ကျင်းပရန် ထရန့်က အကြံပြု

ကင်ဂျုံအွန်နှင့် ထိပ်သီးဆွေးနွေးပွဲကို ကိုရီးယားစစ်မဲ့ဇုန်ထဲ၌ ကျင်းပရန် ထရန့်က အကြံပြု
Published 2 May 2018

ဧပြီ ၂၇ ရက်က ပန်မန်ဂျွန်ကျေးရွာတွင် သမိုင်းဝင်ထိပ်သီးအပြီး၌ ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များက နှုတ်ဆက်နေကြစဉ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်နှင့် ထိပ်သီးအစည်းအဝေး ကျင်းပနိုင်မည့်အပေါ် ယုံကြည်မှုရှိသည့်အကြောင်း ဧပြီ ၃၀ ရက်က ပြောကြားရင်း အဆိုပါ တွေ့ဆုံမှုကို ကိုရီးယား နှစ်နိုင်ငံကြားရှိ စစ်မဲ့ဇုန်၌ ကျင်းပရန် ၎င်း၏စိတ်ကူးကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထရန့်သည် ၎င်းနှင့် ကင်၏ သမိုင်းဝင် ထိပ်သီးအစည်းအဝေးပွဲ ပြုလုပ်နိုင်မည့် နေရာ နှစ်ခု၊ သုံးခုကို စဉ်းစားထားသည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သော်လည်း ဖြစ်နိုင်ခြေရှိသည့် နေရာတစ်ခုတည်းကို ယခုကဲ့သို့ လူသိရှင်ကြား ထုတ်ဖော်မပြောခဲ့ဖူးပေ။ ယင်းထိပ်သီးသည် မြောက်ကိုရီးယား ခေါင်းဆောင်နှင့် တာဝန်ထမ်းဆောင်နေဆဲ အမေရိကန်သမ္မတ တစ်ဦးတို့၏ ပထမဆုံး ထိပ်သီးဖြစ်လာမည်ဖြစ်သည်။

ထရန့်သည် နိုင်ဂျီးရီးယားသမ္မတ မူဟမ်မဒူဘူဟာရီနှင့် ပူးတွဲပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲအတွင်း စင်ကာပူကို ထိပ်သီးအစည်းအဝေး ကျင်းပရန် နေရာတစ်ခုအဖြစ် ထည့်သွင်း စဉ်းစားထားကြောင်း အတည်ပြု ပြောကြားခဲ့သည်။ သို့သော် ယင်းသတင်းစာ ရှင်းလင်းပွဲပြီးနောက်၌ ရေးသားခဲ့သည့် ထရန့်၏ Twitter ပို့စ်တွင်မူ စစ်မဲ့ဇုန်ကိုလည်း နက်နက်နဲနဲ ထည့်သွင်း စဉ်းစားသင့်ကြောင်း ဖော်ပြထားသည်။

“ကျွန်တော် ဒီနေရာကို ဘာဖြစ်လို့ ကြိုက်ရတာလဲဆိုတော့ ကိစ္စတွေ အဆင်ပြေသွားတယ်ဆိုရင် ပြုလုပ်မယ့် အောင်ပွဲခံ အခမ်းအနားကြီးဟာ တတိယနိုင်ငံမှ ာမဟုတ်ဘဲ အဲဒီစစ်မဲ့ဇုန်မှာ ကျင်းပနိုင်မှာ ဖြစ်ပါတယ်” ဟု ထရန့်က ဆိုသည်။

“စင်ကာပူ အပါအဝင် အခြားနိုင်ငံတွေကိုလည်း ထည့်သွင်းစဉ်းစား နေပါတယ်။ ဒါဟာ ကြီးမားတဲ့ ဖြစ်ရပ်ကြီးဖြစ်ဖို့ အခွင့်အရေး ဖြစ်တဲ့အတွက် လူတိုင်းက ကျွန်တော်တို့ကို လိုလားနေကြပါတယ်” ဟု ထရန့်က ပြောကြားခဲ့သည်။ ဖြစ်နိုင်ခြေရှိသည့် အခြားနေရာများထဲတွင် မွန်ဂိုလီးယားနှင့် ဆွစ်ဇာလန် နိုင်ငံတို့လည်း ပါဝင်သည်။

ဧပြီ ၂၇ ရက်က ပြုလုပ်ခဲ့သော ကင်နှင့် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းတို့၏ ထိပ်သီးတွေ့ဆုံမှုမှာလည်း စစ်မဲ့ဇုန်အတွင်းရှိ ပန်မန်ဂျွန်ကျေးရွာထဲမှ ငြိမ်းချမ်းရေးခန်းမတွင် ဖြစ်သည်။ ကိုရီးယားစစ်ပွဲကို အဆုံးသတ်စေခဲ့သော စစ်ရပ်ဆိုင်းရေး သဘောတူညီချက်ကို ၁၉၅၃ ခုနှစ်က အဆိုပါ စစ်မဲ့ဇုန်တွင် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။

“တွေ့ဆုံပွဲပြုလုပ်ဖို့ စဉ်းစားထားတဲ့ နေရာတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ တောင်နဲ့ မြောက်ကိုရီးယား နယ်စပ်မှာရှိတဲ့ ငြိမ်းချမ်းရေး ခန်းမကတော့ တခြားတတိယနိုင်ငံထက် ပိုမိုကိုယ်စားပြုနိုင်ပြီး အရေးကြီးကာ ခိုင်မာတဲ့သဘော ဆောင်နိုင်မလားလို့ပါ။ မေးကြည့်ရုံပါ” ဟု ထရန့်က Twitter တွင် ရေးသားခဲ့သည်။

“ပုဂ္ဂိုလ်ရေးအရ ပြောရမယ် ဆိုရင်တော့ ဒါဟာ အောင်မြင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ မအောင်မြင်ဘူး ဆိုရင်တော့ ကျွန်တော်က လေးလေးစားစားနဲ့ပဲ ထွက်ခွာသွားမှာပါ” ဟု ထရန့်က မြောက်ကိုရီးယားနှင့် ထိပ်သီးတွေ့ဆုံပွဲကို ရည်ညွှန်းပြီး သတင်းထောက်များကို ပြောကြားခဲ့သည်။

Ref : AFP

Most Recent