ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်စခန်းများသို့ သွားရောက်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်စခန်းများသို့ သွားရောက်
Published 30 April 2018

ဧပြီ ၂၉ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန်ခရိုင်ထဲမှ တွမ်ဘရူသို့ ရောက်ရှိနေကြသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဝင်များအား ဘင်္ဂလားဒေ့ရှ် နယ်စပ်စောင့်တပ်ရင်း ၃၄ မှ တပ်မှူးတစ်ဦးက ရှင်းလင်းပြောပြနေစဉ် (Photo: AFP)

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အဖွဲ့တစ်ဖွဲ့သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတစ်လျှောက်၌ နေထိုင်နေကြသော ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များထံသို့ ဧပြီ ၂၉ ရက်က လာရောက်ခဲ့ကြသည်။ လုံခြုံရေးကောင်စီသည် ကမ္ဘာ့အဆိုးရွားဆုံး ဒုက္ခသည် အကျပ်အတည်းတစ်ခုဖြစ်လာသော ဘင်္ဂါလီအရေးအပေါ် တုံ့ပြန်ရန် လေ့လာချိန်ဆနေစဉ် ယခုခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုခရီးစဉ်အတွင်း ကုလသမဂ္ဂကိုယ်စားလှယ်များသည် ဘင်္ဂလားဒေ့ရှ်စခန်းများ၌ ရှိကြသော ဒုက္ခသည်များကို မေးမြန်းမှုများ ပြုလုပ်ကြမည်ဖြစ်သည်။ ယင်းနောက် အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံသို့ ဆက်လက်သွားရောက်ပြီး အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု သိရသည်။ လုံခြုံရေးကောင်စီသည် ဘင်္ဂါလီမွတ်စလင်များကို ဘေးကင်းစွာနေရပ်သို့ ပြန်ခွင့်ပြုရန် မြန်မာအစိုးရကို တိုက်တွန်းနေခြင်းဖြစ်သည်။

ယခုရောက်လာသည့် အဖွဲ့ထဲ၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံမှ သံတမန် ၂၆ ဦး ပါဝင်သည်ဟု သိရသည်။ ထိုအဖွဲ့သည် ဘင်္ဂါလီ ၆၀၀၀ ကျော်နေထိုင်ကြသော ကိုနာပါရာဒုက္ခသည်စခန်းသို့ ဦးစွာသွားရောက်မည်ဟု ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မိုဟာမက်အဘူကယ်လမ်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်အရေးတွင် သားကောင်ဖြစ်ခဲ့ရသည့် အမျိုးသမီးအချို့နှင့် တွေ့ဆုံစကားပြောခဲ့ပြီး ဘင်္ဂါလီလူကြီးပိုင်းအချို့နှင့်လည်း တွေ့ခဲ့သည်ဟု ထိုဒုက္ခသည်စခန်းမှ ဘင်္ဂါလီခေါင်းဆောင် ဒီမိုဟာမက်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ဒီမှာနေတာဟာ အသက်မသေဖို့အတွက်ဖြစ်ပေမဲ့ ကျွန်တော်တို့မြေကို ပြန်သွားဖို့ အရမ်းကို စိတ်အားထက်သန်နေတဲ့အကြောင်း၊ ကျွန်တော်တို့လုံခြုံရေးအတွက် ကုလသမဂ္ဂက အာမခံပေးဖို့အကြောင်း သူတို့ကိုပြောခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့နောက်၌ ကုလသမဂ္ဂအဖွဲ့သည် ကူတူပလောင် ဒုက္ခသည်စခန်းသို့ ဆက်လက်သွားရောက်မည်ဖြစ်သည်။ အဆိုပါခရီးစဉ်မတိုင်မီက ယင်းစခန်းတွင် ဘင်္ဂါလီရာပေါင်းများစွာသည် မြန်မာနိုင်ငံ၌ ၎င်းတို့၏ အခွင့်အရေးများပြန်ရရှိရန် လုပ်ဆောင်ပေးရေးအတွက် ဆန္ဒပြမှုတစ်ခု လုပ်ဆောင်ခဲ့သည်ဟု သိရသည်။ ထိုဆန္ဒပြမှုကို ရဲများက ငြိမ်းငြိမ်းချမ်းချမ်း ရှင်းလင်းခဲ့သည်ဟု ယင်းနေရာတွင်ရှိနေသော အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ဆိုသည်။

“ရိုဟင်ဂျာမျိုးနွယ်စုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ရဲ့ နိုင်ငံသားဖြစ်မှုကို ပြန်လိုချင်ပါတယ်။ သိမ်းဆည်းခံခဲ့ရတဲ့ ကျွန်တော်တို့မြေတွေ၊ ပိုင်ဆိုင်မှုတွေကိုလည်း ပြန်လိုချင်ပါတယ်။ လုံခြုံမှုလည်းရချင်ပါတယ်” ဟု ဘင်္ဂါလီခေါင်းဆောင် မိုဟီဘူလာက ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းတို့ကို ရခိုင်ပြည်နယ်သို့ ပြန်ပို့မည့်အရေးနှင့် ပတ်သက်ပြီး အခြေအနေ ၁၄ ချက်ကို ယခု ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့သို့ တင်ပြမည်ဟု သိရသည်။

ကူဝိတ်၊ ဗြိတိန်၊ ပီရူးတို့ ဦးဆောင်သော ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့၏ လေးရက်ကြာ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့်တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။ ထို့ပြင် ၎င်းတို့သည် ရခိုင်ပြည်နယ်ထဲ၌လည်း ပဋိပက္ခဖြစ်ပွားစဉ်က မီးရှို့ခံခဲ့ရသော ကျေးရွာတို့၏ အကြွင်းအကျန်များကို ရဟတ်ယာဉ်ဖြင့် ဝေဟင်မှ လိုက်လံကြည့်ရှုမည်ဟု သိရသည်။

ယခုခရီးစဉ်သည် မြန်မာနိုင်ငံကို နာမည်တပ်ကာ အရှက်ရစေရန် ရည်ရွယ်ခြင်း မဟုတ်သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက အခြေအနေများအား ဖြေရှင်းမှုအပေါ် စိတ်ဝင်တစား စောင့်ကြည့်နေသည့်အကြောင်း မြန်မာတို့ကို ရှင်းရှင်းလင်းလင်း သိစေရန်အတွက်ဖြစ်သည်ဟု ကူဝိတ်သံတမန် မန်ဆွယ်အယ်အိုတိုင်ဘီက ပြောကြားခဲ့သည်။

Most Read

Most Recent