ဇင်ဘာဘွေက ကျန်းမာရေးနှင့် သိပ္ပံဆိုင်ရာ လေ့လာမှုများအတွက် ဆေးခြောက်သုံးစွဲခွင့်ကို တရားဝင်ခွင့်ပြု

ဇင်ဘာဘွေက ကျန်းမာရေးနှင့် သိပ္ပံဆိုင်ရာ လေ့လာမှုများအတွက် ဆေးခြောက်သုံးစွဲခွင့်ကို တရားဝင်ခွင့်ပြု
Published 29 April 2018

၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်က ချီလီနိုင်ငံ ဆန်တီယာဂိုတွင် ဆေးခြောက်အစေ့များကို တွေ့ရစဉ် (Photo: AFP)

ကျန်းမာရေးဆိုင်ရာအတွက် သို့မဟုတ် သိပ္ပံဆိုင်ရာ လေ့လာမှုများအတွက် ဆေးခြောက်ထုတ်လုပ်မှုကို ဇင်ဘာဘွေက တရားဝင် ခွင့်ပြုပေးထားကြောင်း အေအက်ဖ်ပီက ဧပြီ ၂၈ ရက်တွင် ရရှိခဲ့သော စည်းမျဉ်းသစ်များတွင် ဖော်ပြခဲ့သည်။

ဆေးခြောက်ကို ကျန်းမာရေးအတွက် သို့မဟုတ် သိပ္ပံဆိုင်ရာ လေ့လာမှုများအတွက် ထုတ်လုပ်ခွင့် ရယူလိုပါက ကျန်းမာရေးဝန်ကြီးဌာနသို့ လျှောက်ထားနိုင်ကြောင်း ယင်းစည်းမျဉ်းသစ်က ဆိုသည်။

ထုတ်လုပ်မည့် လုပ်ငန်းခွင်၏ အစီအစဉ်ကို မိတ္တူသုံးစုံဖြင့် လိုင်စင်လျှောက်ထားရမည်ဖြစ်ပြီး သင့်တင့်သည့် အခကြေးငွေပေးရမည် ဖြစ်ကြောင်း စည်းမျဉ်းသစ်က ဖော်ပြထားသည်။

ဆေးခြောက် ထုတ်လုပ်လိုသူများသည် နိုင်ငံသားများဖြစ်ရမည်ဖြစ်ပြီး အထောက်အထားနှင့်တကွ တင်ပြရမည်ဖြစ်သည်။ ကုမ္ပဏီဖြစ်ပါက ဇင်ဘာဘွေတွင် ကုမ္ပဏီတည်ထောင်ထားကြောင်း အထောက်အထား တင်ပြရမည်ဟု စည်းမျဉ်းသစ်က ဆိုသည်။

ထုတ်လုပ်ခွင့်လိုင်စင်သည် ငါးနှစ်သက်တမ်းဖြစ်ပြီး နှစ်စဉ်သက်တမ်းတိုးရန် လိုအပ်မည်ဖြစ်သည်။ ဇင်ဘာဘွေတွင် ပန်းနာရင်ကျပ်၊ ဝက်ရူးပြန်ခြင်းနှင့် စိတ်ကျန်းမာရေးကဲ့သို့သော အခြေအနေများကို ကုသရန်အတွက် ဆေးခြောက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသော်လည်း ဆေးခြောက်ထုတ်လုပ် သုံးစွဲမှုသည် တရားမဝင်ဟု အစိုးရက ပြဋ္ဌာန်းထားသည်။ ဇင်ဘာဘွေတွင် ဆေးခြောက်ကို အမြောက်အမြား ပိုင်ဆိုင်မှု၊ ထုတ်လုပ်မှုတို့အတွက် ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်ခံရနိုင်သည်။

Ref: AFP