ကိုရီးယား ထိပ်သီးဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများက တုံ့ပြန်မှုများ

ကိုရီးယား ထိပ်သီးဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများက တုံ့ပြန်မှုများ
Published 28 April 2018

သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမှုအတွက် ကိုရီးယားနှစ်နိုင်ငံ၏ ခေါင်းဆောင်များကို တရုတ်က ချီးကျူးခဲ့ပြီး ခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်မှုသည် သမိုင်းဝင် အခိုက်အတန့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားကလည်း ကိုရီးယားသမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲသည် အလွန်အပြုသဘောဆောင်သော သတင်းဖြစ်ကြောင်း ချီးကျူးခဲ့ပြီး ကိုရီးယား၏ခေါင်းဆောင်များအကြား တိုက်ရိုက်တွေ့ဆုံမှုသည် အလားအလာကောင်းများရှိကြောင်း ရုရှားသမ္မတဗလာဒီမာ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီပက်စကော့က သတင်းထောက်များကို ပြောခဲ့သည်။

ကိုရီးယားထိပ်သီးဆွေးနွေးပွဲကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကြိုဆိုခဲ့ပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးအတွက် သိသာထင်ရှားသော လုပ်ဆောင်ချက်များ ဆောင်ရွက်ရန် ပြုံယမ်းကို တိုက်တွန်းခဲ့သည်။

ကိုရီးယားထိပ်သီးဆွေးနွေးပွဲသည် သမိုင်းဝင် ဆွေးနွေးပွဲဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ချီးကျူးခဲ့ပြီး အချိန်ကသာ ဆုံးဖြတ်ပေးလိမ့်မည်ဟု ၎င်း၏ Twitter တွင် ရေးသားခဲ့သည်။ ထို့ပြင် ထရန့်က “ကိုရီးယားစစ်ပွဲပြီးတော့မယ်။ အမေရိကန်နဲ့ ကြီးမြတ်တဲ့ အမေရိကန်ပြည်သူအားလုံးက ကိုရီးယားမှာ လက်ရှိဖြစ်ပေါ်နေတာတွေအတွက် အလွန်ဂုဏ်ယူထိုက်ပါတယ်” ဟု ရေးသားခဲ့သည်။

နေတိုးဥက္ကဋ္ဌ ယန်းစတော်တင်ဘာ့ဂ်က တောင်မြောက်ကိုရီးယားခေါင်းဆောင်များအကြား ထိပ်သီးဆွေးနွေးပွဲသည် အားတက်စရာဖြစ်ကြောင်း ချီးကျူးခဲ့သော်လည်း စိန်ခေါ်မှုများက ရှေ့တွင် စောင့်ဆိုင်းနေသည်ဟု သတိပေးခဲ့သည်။

“ဒါက ပထမခြေလှမ်းပါ။ အားတက်ဖွယ်ရာပါပဲ။ ဒါပေမဲ့ ရှေ့မှာ ခက်ခဲတဲ့ အလုပ်တွေ အများအကြီး ရှိနေတယ်ဆိုတာ ကျွန်တော်တို့ နားလည်ရပါမယ်” ဟု ဘရပ်ဆဲလ်၌ နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် စတော်တင်ဘာ့ဂ်က ပြောခဲ့သည်။

ကိုရီးယားထိပ်သီးဆွေးပွဲအပြီးနောက် ဂုဏ်ပြုထမင်းစားပွဲသို့ တက်ရောက်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ဇနီး ရီဆိုဂျူးသည် ဧပြီ ၂၇ ရက်တွင် ရောက်ရှိခဲ့ကြောင်း ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုများတွင် မြင်တွေ့ခဲ့ရသည်။ ရီဆိုဂျူးသည် မကြာသေးခင်က နိုင်ငံရေး အခမ်းအနားများတွင် ပို၍နေရာယူလာခဲ့ပြီး ပြည်တွင်းပြည်ပ အဓိက အခမ်းအနားများ၌ ကင်နှင့်အတူ တက်ရောက်ခဲ့သည်။

Ref: AFP

Most Read

Most Recent