ဂျာမနီဝန်ကြီးချုပ်မာကယ်က အမေရိကန်ခရီးစဉ်၌ အီရန်နျူကလီးယား သဘောတူညီချက်၊ ကုန်သွယ်ရေးစစ်ပွဲအတွက် ဆွေးနွေးမည်

ဂျာမနီဝန်ကြီးချုပ်မာကယ်က အမေရိကန်ခရီးစဉ်၌ အီရန်နျူကလီးယား သဘောတူညီချက်၊ ကုန်သွယ်ရေးစစ်ပွဲအတွက် ဆွေးနွေးမည်
Published 28 April 2018

၂၀၁၇ ခုနှစ် မတ် ၁၇ ရက်က အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် အမေရိကန်သမ္မတ ထရန့် (ယာ) က ဂျာမနီဝန်ကြီးချုပ် မာကယ်နှင့် တွေ့ဆုံနေစဉ် (Photo: AFP)

ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်သည် ဧပြီ ၂၇ ရက်တွင် ဝါရှင်တန်သို့သွားရောက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံစဉ် အီရန်နျူကလီးယား သဘောတူညီချက် ဆက်လက်တည်မြဲရေး၊ ကုန်သွယ်ရေးစစ်ပွဲအား ရှောင်လွဲှနိုင်ရေးနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး တစ်ဖန်ပြန်လည် ချောမွေ့စေရေးစသည့် ခက်ခဲသော စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က အမေရိကန်သို့ သုံးရက်ကြာခရီးစဉ် သွားရောက်ခဲ့ပြီးနောက် မာကယ်က ဝါရှင်တန်သို့ သွားခဲ့ခြင်းဖြစ်သည်။

ဝါရှင်တန်သို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့စဉ်က သတိရှိပြီး ဟာသဉာဏ်ရှိသည့် မာကယ်သည် စိတ်လိုက်မာန်ပါ ပြုမူတတ်သော အိမ်ရှင်ခေါင်းဆောင်နှင့် ခွကျသော ပူးတွဲတွေ့ဆုံမှုများနှင့်အတူ ၎င်းတို့နှစ်ဦးအကြား ကာကွယ်ရေးအသုံးစရိတ်၊ ကုန်သွယ်ရေးနှင့် ရွှေ့ပြောင်းအခြေချအရေးတို့နှင့် ပတ်သက်၍ အချင်းများခဲ့ကြသည်။ မက်ခရွန်နှင့် မာကယ်တို့၏ ခရီးစဉ်များအကြား ပုံစံကွဲပြားမှုများက အလွန်အမင်း ပေါ်လွင်နေမည်ဖြစ်ကြောင်း၊ ထရန့်သည် မာကယ်နှင့် ပို၍ခက်ခဲသော ဆက်ဆံရေးများ ရှိထားကြောင်း ကော်နယ်တက္ကသိုလ်မှ မိုနာကရီဝယ်က သုံးသပ်ခဲ့သည်။

ယင်းသည် ချင့်ချင့်ချိန်ချိန်ရှိပြီး လက်တွေ့ကျသည့် ဆွေးနွေးသူအဖြစ်သာမက ဥရောပ၏ ခေါင်းဆောင်အဖြစ်ပါ ဝါရှင်တန်က ဆယ်စုနှစ်တစ်ကျော်ကြာ မှတ်ယူခြင်းခံခဲ့ရသော မာကယ်အတွက် သိသာသော ပြောင်းလဲမှုဖြစ်ခဲ့သည်။ အထူးသဖြင့် အမေရိကန် သမ္မတဟောင်း ဘာရက်အိုဘားမားနှင့် မာကယ်အကြား ဆက်ဆံရေးသည် အလွန်အမင်း နီးစပ်ပြီး မာကယ်က စတုတ္ထမြောက် သက်တမ်းအတွက် ယှဉ်ပြိုင်ရန် အိုဘားမားက အလွန်အမင်း တွန်းအားပေးခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက ဆိုခဲ့သည်။

ထရန့်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ၁၅ လခန့်အကြာဖြစ်သည့် ဧပြီ ၂၆ ရက်နှောင်းပိုင်းတွင် ဝါရှင်တန်သို့ မာကယ်က ရောက်ရှိလာစဉ် ဂျာမနီဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ရစ်ချက်ဂရင်းနဲကို ရီပက်ဘလီကင်လွှမ်းမိုးထားသည့် ကွန်ဂရက်က အတည်ပြုခဲ့သည်။

၎င်းတို့အကြား သဘောထားကွဲလွဲမှု ရှိနေသော်လည်း အခြေခံကျသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထိန်းသိမ်းထားလိုကြောင်း မာကယ်က ယခုသီတင်းပတ်အတွင်း အလေးပေး ပြောကြားခဲ့သည်။ အတ္တလန္တိတ်ဖြတ်ကျော် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်သွားစေနိုင်သော သတ္တုပစ္စည်းများအား စည်းကြပ်ခွန်များ ပြဋ္ဌာန်းရန်နှင့် အီရန်နျူကလီးယား သဘောတူညီချက်အား ဖျက်သိမ်းရန် ခြိမ်းခြောက်နေသည့် ထရန့်ကို စည်းရုံးနိုင်ရန် မာကယ်က ကြိုးပမ်းမည် ဖြစ်သည်။ ပြည်ပမှ သွင်းကုန်များသည် အမေရိကန် အမျိုးသားလုံခြုံရေးအား ထိခိုက်နေသည်ဟု အခိုင်အမာပြောကြားလျက် ထရန့်က သံမဏိသွင်းကုန်များအား စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းနှင့် အလူမီနီယမ်ကို ၁၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု ပြီးခဲ့သောလတွင် ကြေညာခဲ့သည်။ မဟာမိတ်များထံမှ ကန့်ကွက်မှုများကြောင့် ထရန့်က ဥရောပသမဂ္ဂ အပါအဝင် အဓိကမိတ်ဖက်အချို့ကို မေ ၁ ရက်အထိ အခွန်ကင်းလွတ် ခွင့်ပေးခဲ့သည်။

သို့သော် မဟာမိတ်များက ညှိနှိုင်းလာပါက ဥရောပသမဂ္ဂအပါအဝင် အဓိကမဟာမိတ်များကို မေ ၁၂ ရက်အထိ အခွန်ကင်းလွတ်ခွင့်ပေးနိုင်ဟု အမေရိကန်အမျိုးသား စီးပွားရေးကောင်စီညွှန်ကြားရေးမှူး လာရီကဒ်လိုးက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent