တရုတ်က ထိုင်ဝမ်ကျွန်းစုတစ်ဝိုက်သို့ ဗုံးကြဲလေယာဉ်များနှင့် တိုက်လေယာဉ်များ စေလွှတ်ပြီး အင်အားပြ

တရုတ်က ထိုင်ဝမ်ကျွန်းစုတစ်ဝိုက်သို့ ဗုံးကြဲလေယာဉ်များနှင့် တိုက်လေယာဉ်များ စေလွှတ်ပြီး အင်အားပြ
Published 27 April 2018

ဧပြီ ၁၈ ရက်က တရုတ်အရှေ့တောင်ကမ်းရိုးတန်းတွင် ကျည်အစစ်သုံး စစ်ရေးလေ့ကျင့်မှု၌ လက်နက်တပ်ဆင်ထားသော တရုတ်စစ်ရဟတ်ယာဉ်တစ်စင်းက ပစ်ခတ်နေစဉ် (Photo: AFP)

တရုတ်သည် ဧပြီ ၂၆ ရက်တွင် ထိုင်ဝမ်ကျွန်းစုတစ်ဝိုက်သို့ ဗုံးကြဲလေယာဉ်များ နှင့် တိုက်လေယာဉ်များ စေလွှတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်တွင် လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသည့် အင်အားစုများကို ရည်ညွှန်းကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ H-6K ဗုံးကြဲလေယာဉ်များ၊ အကြိုသတိပေးစနစ်ပါသည့် လေယာဉ်များ၊ ကင်းထောက်လေယာဉ်များနှင့် အခြား တိုက်လေယာဉ်မျိုးစုံသည် တိုက်ပွဲဝင် လေ့ကျင့်မှုများအတွက် လေဆိပ် အများအပြားမှ ပျံတက်ခဲ့ကြကြောင်း တရုတ်လေတပ်က မိုက်ခရိုဘလော့ဂ်တွင် ထုတ်ပြန်ခဲ့သည်။

ထိုလေယာဉ်များသည် ထိုင်ဝမ်တောင်ပိုင်းရှိ ဘာရှီရေလက်ကြားနှင့် ဂျပန်၏ အိုကီနာဝါကျွန်းစုအနီး မီယာကိုရေလက်ကြားတို့ပေါ်မှ ပျံသန်းခဲ့ကြကြောင်း လေတပ်က ထုတ်ပြန်ခဲ့သည်။ နိုင်ငံ၏အချုပ်အခြာပိုင်နက်များကို ကာကွယ်စောင့်ရှောက်ရန် စွမ်းရည်ကို အားကောင်းစေရန်အတွက် H-6K ဗုံးကြဲ လေယာဉ်များသည် ဧပြီ ၁၈ ရက်နောက်ပိုင်း ထိုင်ဝမ်ကို ဝိုင်းရံ ပျံသန်းသော လေ့ကျင့်မှု အများအပြားကို ပြုလုပ်ပြီးစီးခဲ့ကြောင်း လေတပ်က ထုတ်ပြန်ခဲ့သည်။

၎င်းတို့၏ လေကျင့်မှု တစ်သီတစ်တန်းများသည် ထိုင်ဝမ်ကျွန်းစုမှ လွတ်လပ်ရေး အင်အားစုများနှင့် လှုပ်ရှားမှုများအား တိုက်ရိုက်ရည်ရွယ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝူချန်က လစဉ် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်ထံမှ ခွဲထွက်၍ လွတ်လပ်ရေးကို ကြေညာခဲ့ခြင်းမရှိသော ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းစုကို တရုတ်က တစ်ချိန်တွင် ပြန်လည်ပေါင်းစည်းရမည့် ပိုင်နက်တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ထားပြီး ပြန်လည်ပေါင်းစည်းရန် လိုအပ်ပါက အင်အားသုံးမည်ဟု ခြိမ်းခြောက်ထားသည်။ တိုင်ပေကလည်း တရုတ်သည် မကြာသေးမီက စစ်ရေးလေ့ကျင့်မှုများစွာကို ပြုလုပ်ခဲ့ပြီး ဒေသတွင်း၌ တင်းမာမှုမြင့်တက်စေရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်။

ထိုင်ဝမ်က လာမည့်ဇွန်တွင် ရန်သူများက အငိုက်ဖမ်း၍ ကမ်းရိုးတန်းကို လာရောက် တိုက်ခိုက်သည့်ပုံစံ ပုံဖော်၍ တရုတ်၏ကျူးကျော်မှုအား တွန်းလှန်သည့် ကျည်အစစ်သုံး စစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်သွားမည်ဟု ဧပြီ ၂၄ ရက်တွင် ကြေညာခဲ့သည်။ တရုတ်၏ H-6K ဗုံးကြဲလေယာဉ်များနှင့် သူလျှိုလေယာဉ်များသည် ပြီးခဲ့သော သီတင်းပတ်ကလည်း ထိုင်ဝမ်ကျွန်းစုတစ်ဝိုက် ပျံသန်းခဲ့ပြီး ဖြစ်သည်။ ပေကျင်း၏ တစ်စင်းတည်းသော လေယာဉ်တင်သင်္ဘော လျောင်နင်းနှင့် ဖျက် သင်္ဘောနှစ်စင်းတို့သည် ထိုင်ဝမ်တောင်ဘက် ရေပြင်အား ဧပြီ ၂၁ ရက်တွင် ဖြတ်သန်းခဲ့ပြီး ပစိဖိတ်၌ ထိုးစစ်နှင့် ခံစစ်စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြောင်း တရုတ် ရေတပ်က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent