အိန္ဒိယတွင် ရထားက ကျောင်းကားကို တိုက်မိခဲ့ရာ ကလေး ၁၃ ဦး သေဆုံး

အိန္ဒိယတွင် ရထားက ကျောင်းကားကို တိုက်မိခဲ့ရာ ကလေး ၁၃ ဦး သေဆုံး
Published 27 April 2018

အိန္ဒိယမြောက်ပိုင်း၌ ဧပြီ ၂၆ ရက်တွင် ရထားတစ်စီးက ကျောင်းကားတစ်စီးကို တိုက်မိမှုဖြစ်ပွားခဲ့ရာ ကလေး ၁၃ ဦးထက်မနည်း သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အသက် ၁၀ နှစ်အောက်များဖြစ်သည့် ကျောင်းသားများသည် ဥတာပရာဒေ့ရှ် ပြည်နယ်တွင် ကျောင်းတက်ရန် ကားဖြင့်လာစဉ် လူထိန်းရန်မလိုသော ရထားသံလမ်း လမ်းဆုံတစ်ခုတွင်  ခရီးသည်တင်ရထားက  ကျောင်းကားကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့တိုက်မိရာတွင် ကျောင်းကားသည် လေထဲသို့ မီတာအနည်းငယ်လွင့်တက်သွားကြောင်း၊ ကလေး ၁၀ ဦးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း ခရိုင် ဆေးဘက်ဆိုင်ရာအရာရှိချုပ် Akhilesh Kumar Singh က ပြောကြားခဲ့သည်။

“နောက်ထပ် ကျောင်းသားသုံးဦး ဒဏ်ရာတွေကြောင့် ဆေးရုံမှာ ကွယ်လွန်ခဲ့တယ်။ ငါးဦးက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတုန်းပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယသည် ကမ္ဘာ့လူသေဆုံးမှု အများဆုံးလမ်းများထဲတွင် ပါဝင်ပြီး နှစ်စဉ် လူ ၁၅၀,၀၀၀ ကျော် သေဆုံးခဲ့သည်။ ယခုနှစ် အစောပိုင်းတွင် ယာဉ်မောင်းက ကျောင်းကားကို အရှိန်မထိန်းနိုင်ဘဲ ဒေလီမြောက်ပိုင်းရှိ မီတာ ၁၀၀ နက်သည့် ချောက်နက်ထဲသို့ ကားထိုးကျခဲ့ရာ ကလေး ၂၃ ဦးနှင့်လူကြီး လေးဦး သေဆုံးခဲ့သည်။

အိန္ဒိယသည် လူထိန်းရန်မလိုသည့် ရထားလမ်းဆုံရာနှင့်ချီရှိသည့်နိုင်ငံဖြစ်သည်။ ယင်းရထားလမ်းဆုံများတွင် ကားမောင်းသူများက ရထားလာနေသည့် သတိပေးချက်ကို လျစ်လျူရှုမှုကြောင့် မတော်တဆများ မကြာခဏဖြစ်ပွားခဲ့သည်။ အိန္ဒိယ၏ မီးရထားလမ်းများတွင် နှစ်စဉ် လူ ၁၅,၀၀၀ ခန့် သေဆုံးခဲ့သည်ဟု ၂၀၁၂ ခုနှစ် အစိုးရ အစီရင်ခံစာ တစ်ခုက ဆိုသည်။

Most Read

Most Recent