ထရန့်၊ ရုရှားနှင့် တရုတ်တို့၏ မီဒီယာကို တိုက်ခိုက်မှုများက ဒီမိုကရေစီအား ခြိမ်းခြောက်နေ

ထရန့်၊ ရုရှားနှင့် တရုတ်တို့၏ မီဒီယာကို တိုက်ခိုက်မှုများက ဒီမိုကရေစီအား ခြိမ်းခြောက်နေ
Published 26 April 2018

ဖေဖော်ဝါရီ ၂၆ ရက်က နယူးယောက်တွင် နယူးယောက်တိုင်းမ် အပြင်ဘက်၌ ဆန္ဒပြမှုတွင် အမျိုးသားတစ်ဦးက ၎င်း၏ပါးစပ်ကို တိပ်ဖြင့် ကပ်ထားစဉ် (Photo- AFP)

ကမ္ဘာတစ်ဝန်းရှိ သတင်းမီဒီယာ လွတ်လပ်ခွင့်သည် သဘောထားကွဲလွဲသူအားလုံးကို နှိမ်နင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ ရုရှား၊ တရုတ်တို့၏ ကြိုးပမ်းမှုများကြောင့် သုံးထပ်ကွမ်း ကံဆိုးမိုးမှောင်ကျနေသည်ဟု နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က ဧပြီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ဂျာနယ်လစ်များအပေါ် မလိုမုန်းထားဖြစ်နေသည့် အခြေအနေနှင့်အတူ မီဒီယာကို ထိန်းချုပ်ရန်ပိုမိုကြီးထွားလာသည့် ကြိုးပမ်းမှုများ ပါဝင်လာသဖြင့် ဒီမိုကရေစီအတွက် ခြိမ်းမြောက်မှုတစ်ရပ်ဖြစ်လာသည်ဟု သတိပေးခဲ့သည်။ သတင်းထောက်များသည် ခေါင်းဆောင်တို့၏ ကြီးထွားလာသော အာဏာရှင်ဆန်မှုများ၊ ရန်လိုမှုများ၏ ပစ်မှတ်ဖြစ်နေသည်ဟု နှစ်စဉ်ထုတ်ပြန်နေကျ RSF ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် သတင်းလွတ်လပ်ခွင့်အား တစ်ဟုန်ထိုးတိုက်ခိုက်မှုကို ကမ္ဘာ့စူပါ အင်အားကြီး သုံးနိုင်ငံဖြစ်သည့် အမေရိကန်၊ တရုတ်၊ ရုရှားတို့က ဦးဆောင်နေသည်ဟုလည်း RSF အဖွဲ့က စွပ်စွဲခဲ့သည်။ ထရန့်သည် သတင်းထောက်များကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ ပုံမှန်လုပ်ဆောင်လေ့ရှိပြီး တရုတ်အစိုးရမှာမူ သဘာထားကွဲလွဲသူများကို နှိမ်နင်းရန် ၎င်း၏ မီဒီယာထိန်းချုပ်မှုပုံစံအား အာရှ၏ အခြားနေရာများသို့ပင် တင်ပို့နေသည်ဟု ဆိုထားသည်။

ရုရှားအစိုးရ၏ လှုံ့ဆော်မှုကြောင့် ဥရောပသည် အာဏာရှင်ဆန်မှုနှင့် လူကြိုက်များဝါဒီ နိုင်ငံရေးဘက်သို့ တိမ်းစောင်းလာပြီး တစ်ချိန်က အလုံခြုံဆုံးဟု ယူဆရသော ဥရောပဒေသထဲမှ လွတ်လပ်ခွင့်များကို ခြိမ်းခြောက်လာခဲ့သည်။ ယင်းတို့ထဲတွင် ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ ပိုလန်တို့၌ သတိပေး ခေါင်းလောင်းပင် စမြည်နေပြီဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

ချက်သမ္မတ မီလိုဇီမန်းသည် သတင်းစာရှင်းလင်းပွဲတစ်ခုသို့ ကလက်ရှ်နီကော့ဗ် ရိုင်ဖယ်အတုတစ်လက်ကို ယူလာပြီး ဂျာနယ်လစ်များအတွက်ဟု ပြောကြားသွားခဲ့သည်။ ထိုစဉ် ဆလိုဗက်ကီယားခေါင်းဆောင်ဟောင်း ရောဘတ်ဖီကိုက ဂျာနယ်လစ်များကို ‘ညစ်ညမ်းသော ဆလိုဗက်ဆန့်ကျင်ရေး ပြည့်တန်ဆာများ‘ ၊ ‘မိုက်မဲသော ဟိုင်နီအားများ’ (ခွေး အကဲ့သို့ အုပ်စုဖွဲ့နေတတ်သောသတ္တဝါ) ဟု ခေါ်ခဲ့သည်။

“ဂျာနယ်လစ်တွေကို အမုန်းတရားတွေဟာ ဒီမိုကရေစီအတွက် အန္တရာယ်ရှိပြီး ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပါတယ်” ဟု RSF အကြီးအကဲ ခရစ်စတိုဖီဒီလိုရီက ပြောကြားခဲ့သည်။

မီဒီယာအပေါ်ရန်လိုမှုသည် တူရကီ၊ အီဂျစ်အစရှိသော အာဏာရှင်နိုင်ငံများတွင်  အကန့်အသတ်မရှိဖြစ်နေသည့်အပြင် ကြီးမားသော ဒီမိုကရေစီနိုင်ငံကြီးများကိုပင် အဆိပ်ခတ်နေသည်ဟု RSF ကဆိုခဲ့ကာ ထရန့်၊ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ၊ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးတို့၏ ဝေဖန်မှုများကို ရည်ညွှန်းခဲ့သည်။

‘လူထု၏ ရန်သူ’  ဟု စတာလင်တစ်ချိန်က သုံးခဲ့သည့် အသုံးအနှုန်းကို ထရန့်က မီဒီယာများကို ရည်ညွှန်းသုံးစွဲခဲ့သေးသည်။

ထိုစဉ် မီဒီယာများကို ထိန်းချုပ်ရန် တရုတ်၏ လွှမ်းမိုးမှုများ၊ နည်းနာများသည် ထိုင်း၊ မလေးရှား၊ စင်ကာပူတို့တွင် ခံစားနေရပြီ ဖြစ်သည်။ “ဆန့်ကျင်မှုအားလုံးကို မရှက်မကြောက်ထိန်းချုပ်လိုတဲ့ တရုတ်ရဲ့ အလိုဆန္ဒကို ကံမကောင်းစွာနဲ့ပဲ အာရှထဲမှာ လိုက်ပြီး အတုယူသူတွေ ရှိနေပါတယ်” ဟု RSF ကဆိုပြီး မီဒီယာများကို  ရက်ရက်စက်စက် နှိမ်နင်းနေသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို အပြစ်တင်ခဲ့သည်။

Ref ; AFP

Most Read

Most Recent