ကင်ဂျုံအွန်နှင့် ထိပ်သီးတွေ့ဆုံပွဲမတိုင်မီ တောင်ကိုရီးယားက နယ်စပ်မှအသံချဲ့စက်ဖွင့်မှုများကို ရပ်ဆိုင်း

ကင်ဂျုံအွန်နှင့် ထိပ်သီးတွေ့ဆုံပွဲမတိုင်မီ တောင်ကိုရီးယားက နယ်စပ်မှအသံချဲ့စက်ဖွင့်မှုများကို ရပ်ဆိုင်း
Published 24 April 2018

တောင်ကိုရီးယားနယ်စပ်တစ်နေရာရှိ အသံချဲ့စက်ကြီးများအနီးတွင်ရပ်နေသည့် တောင်ကိုရီးယားစစ်သားတစ်ဦးကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (Photo: AFP)

မြောက်ကိုရီးယား နယ်စပ်စစ်သားများထံသို့ ပြင်းထန်သည့် စကားလုံးများထုတ်လွှင့်နေသော ကြီးမားသည့်အသံချဲ့စက်ကြီးများကို တောင်ကိုရီးယားက ဧပြီ ၂၃ ရက်တွင် ပိတ်လိုက်ပြီဖြစ်သည်။ ယင်းသည် ဧပြီ ၂၇ ရက်တွင်ပြုလုပ်မည့် သမိုင်းဝင်ကိုရီးယား ထိပ်သီးအစည်းအဝေးမတိုင်မီ ပြေငြိမ်းလိုသည့် လက္ခဏာတစ်ခု ဖြစ်လာခဲ့သည်။

ယခုလာမည့် ကိုရီးယားထိပ်သီးသည် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကြီး ပြီးဆုံးပြီနောက်ပိုင်း တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်လာမည်ဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်နေစဉ် တောင်ကိုရီးယားသည် ၎င်းတို့၏ ဝါဒဖြန့်ချိရေးအသံ ထုတ်လွှင့်မှုများပိတ်ထားလိုက်ခြင်းဖြစ်သည်။

ယင်းမတိုင်မီက စစ်မဲ့ဇုန်တစ်ခုလုံးသည် အသံချဲ့စက်ကြီးများက ဖွင့်ထားသည့် သတင်းများ၊ တေးဂီတများ၊ မြောက်ကိုရီးယားစစ်သားများကို ဘက်ပြောင်းလာရန် တိုက်တွန်းမှုအသံများဖြင့် ပြည့်နေခဲ့သည်။ အလားတူပင် မြောက်ကိုရီးယားတို့ကလည်း ၎င်းတို့၏ ဝါဒ ဖြန့်ချိရေးအသံများကို ထုတ်လွှင့်ကြသည်။

“၂၀၁၈ ခုနှစ် ကိုရီးယားထိပ်သီး အစည်းအဝေးမတိုင်မီမှာ ငြိမ်းချမ်းတဲ့ အခြေ အနေတစ်ခုကို ဖန်တီးဖို့၊ စစ်ရေးတင်းမာမှုတွေကို လျော့ကျစေဖို့ အတွက် အသံချဲ့စက်က ထုတ်လွှင့်မှုတွေကို ကျွန်တော်တို့ ရပ်လိုက်ပါတယ်” ဟု တောင်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကိုရီးယားစစ်ပွဲသည် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုဖြင့် အဆုံးသတ်ခြင်း မဟုတ်ဘဲ စစ်ဆိုင်းရန် သဘောတူညီမှုဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သဖြင့် အိမ်နီးချင်းကိုရီးယား နှစ်နိုင်ငံသည် သဘောတရားအားဖြင့် စစ်ဖြစ်နေသည့် အနေအထားတွင် ရှိနေသေးသည်။

ပြီးခဲ့သည့်လများအတွင်းက ဆက်ဆံရေးမှာ တိုးတက်လာခဲ့သော်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မြောက်ကိုရီးယားပြဿနာအတွက် အဖြေထွက်လာရေးသည် အများကြီးလိုသေးသည်ဟု သတိပေးခဲ့သည်။ ထရန့်သည်လည်း ကင်ဂျုံအွန်နှင့် ဇွန်လတွင် ထိပ်သီး အစည်းအဝေးပြုလုပ်မည် ဖြစ်သည်။

တောင်ကိုရီးယားသမ္မတမွန်းဂျေအင်းကမူ လက်နက်ကြီးများ စမ်းသပ်ပစ်လွှတ်ခြင်းကို ရပ်တန့်မည်ဟု မြောက်ကိုရီးယားက ကတိပြုခဲ့ခြင်းသည် အရေးပါအရာရောက်ကြောင်း ဧပြီ ၂၃ ရက်က ဂုဏ်ပြုပြောကြားခဲ့ကာ ရွှင်ရွှင်ပြပြ ဖြစ်နေသည်ဟု သိရသည်။

မွန်းနှင့် ကင်ဂျုံအွန်တို့သည် ဧပြီ ၂၇ ရက်တွင် အစောင့်အကြပ် ထူထပ်စွာချထားသည့် နယ်စပ်ရှိ အပစ်အခတ်ရပ်စဲရေးကျေးရွာ ပန်မန်ဂျွန်တွင် တွေ့ဆုံကြမည်ဖြစ်သည်။

ယင်းသည် ကင်အတွက် မြောက်ကိုရီးယား ခေါင်းဆောင်တစ်ဦးအနေနှင့် တောင်ကိုရီးယားနယ်မြေထဲသို့ ပထမဆုံးရောက်ရှိ ခြင်းဖြစ်လာမည်ဖြစ်သည်။ ယင်းမတိုင်မီက ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၀၇ ခုနှစ်တို့က ကိုရီးယား ထိပ်သီးအစည်းအဝေးများကို ပြုံယမ်းတွင်  ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent