ကုန်သွယ်ရေးကိစ္စဆွေးနွေးရန် လာရောက်မည့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး၏ ခရီးစဉ်ကို တရုတ်က ကြိုဆို

ကုန်သွယ်ရေးကိစ္စဆွေးနွေးရန် လာရောက်မည့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး၏ ခရီးစဉ်ကို တရုတ်က ကြိုဆို
Published 23 April 2018

ဝါရှင်တန်တွင် ပြုလုပ်သော IMF နှင့် ကမ္ဘာ့ဘဏ်တို့၏ နွေဦးကာလ အစည်းအဝေးများအတွက် ဧပြီ ၂၁ ရက်က သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဖင်မနူချင်အား တွေ့ရစဉ် (Photo: AFP)

ကမ္ဘာ့စီးပွားရေးအတွက် ခြိမ်းခြောက်မှုဟု ရှုမြင်ခံနေရသော ကုန်သွယ်ရေးပဋိပက္ခနှင့် ပတ်သက်၍ ဆွေးနွေးရန် တရုတ်နိုင်ငံ၏ မြို့တော်သို့သွားရေးအား စဉ်းစားနေကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဖင်မနူချင်က ပြောကြားခဲ့ပြီးနောက် တရုတ်အစိုးရက ထိုခရီးစဉ်ကို ကြိုဆိုသည်ဟု ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံကြီးနှစ်ခုကြားမှ တင်းမာမှုများသည် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထလာရေးကို အားလျော့စေမည့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာစေမည့်အပေါ် စိုးရိမ်နေကြသည်။ ဝါရှင်တန်၌ ကျင်းပနေသော ဘဏ္ဍာရေးဝန်ကြီးများ တွေ့ဆုံပွဲတွင်လည်း ယင်းကိစ္စကပင် အရိပ်ထိုးလျက်ရှိသည်။

အမေရိကန်မြို့တော် ဝါရှင်တန်တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်တို့၏ နွေဦးကာလ အစည်းအဝေးများအတွင်း မနူချင်က တရုတ်သို့သွားရန် စဉ်းစားနေကြောင်း ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ နောက်တစ်ရက်တွင်မူ တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက ထိုခရီးစဉ်ကို ကြိုဆိုသည်ဟု ထုတ်ပြန်ခဲ့သည်။

“ကုန်သွယ်ရေးနဲ့ စီးပွားရေးကိစ္စတွေကို ဆွေးနွေးဖို့အတွက် အမေရိကန်ဘက်က ပေကျင်းကို လာရောက်လိုတဲ့အကြောင်း သတင်းရရှိထားပါတယ်။ တရုတ်အနေနဲ့ ဒါကိုကြိုဆိုပါတယ်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။ မနူချင်ကလည်း ကုန်သွယ်ရေးစစ်ပွဲ ဖြစ်စရာမလိုဘဲ နိုင်ငံများအနေနှင့် ကွဲလွဲမှုများကို ဖြေရှင်းနိုင်ကြောင်း ဧပြီ ၂၁ ရက်က ပြောကြားခဲ့ကာ ၎င်း၏ သတိရှိသော အကောင်းမြင်စိတ်ကို ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့သည့် မနူချင်က ၎င်းသည် တရုတ်ဗဟိုဘဏ်အကြီးအကဲ ယီကန်းနှင့်လည်း တွေ့ဆုံခဲ့သည်ဟု ပြောကြားခဲ့သည်။ ထိုတွေ့ဆုံမှုအတွင်း ယီကန်းသည် တရုတ်နှင့် ကုန်သွယ်ရေးပြဿနာကို ဗဟိုမပြုခဲ့သော်လည်း ယီသည် ထိုကိစ္စနှင့် ပတ်သက်ပြီး သတိရှိရှိနှင့် အကောင်းမြင်မှုရှိနေသေးကြောင်း မနူချင်က ဆိုသည်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဘဏ်၏ ရန်ပုံငွေတိုးမြှင့်ရေးအား အမေရိကန်၏ ကန့်ကွက်နေမှုကို ဖယ်ရှားပေးလိုက်ပြီဖြစ်ကြောင်း မနူချင်က အတည်ပြုခဲ့သည်။ ထို့ကြောင့် ချမ်းသာသောနိုင်ငံများ (တရုတ်ဟု အများကရှုမြင်) အပေါ် မှီခိုမှုလျှော့ချခြင်း အပါအဝင် အမေရိကန်လိုလားသည့် ပြုပြင်ပြောင်းလဲမှုများစွာနှင့်အတူ ကမ္ဘာ့ဘဏ်၏ ရန်ပုံငွေကို ၁၃ ဘီလျံ ထပ်မံတိုးမြှင့်မည်ဖြစ်သည်။

Most Read

Most Recent