ကရင်မလင်၏ ဝင်ငွေစာရင်းက အစိုးရအရာရှိများ၏ ကြွယ်ဝမှုကို ဖော်ပြနေ

ကရင်မလင်၏ ဝင်ငွေစာရင်းက အစိုးရအရာရှိများ၏ ကြွယ်ဝမှုကို ဖော်ပြနေ
Published 22 April 2018

ဧပြီ ၂၀ ရက်က မော်စကိုအပြင်ဘက်ရှိ နိုဗို-အိုဂါယိုဗိုနေအိမ်တွင် အစည်းအဝေးတစ်ခု၌ ရုရှားသမ္မတပူတင် (လယ်) ကို တွေ့ရစဉ် (Photo: AFP)

ကရင်မလင်၏ နှစ်စဉ်ထုတ်ပြန်သည့် ရုရှားတာဝန်ရှိသူများ၏ ဝင်ငွေစာရင်းက သြဇာကြီးသူများ၏ အမှန်တကယ် ကြွယ်ဝမှုကို ထွင်းဖောက်မမြင်နိုင်သေးသော်လည်း အစိုးရအဖွဲ့တွင် အချမ်းသာဆုံး အမည်စာရင်း အနှစ်ချုပ်တစ်ခုကို ပံ့ပိုးပေးခဲ့သည်။

အထက်လွှတ်တော်အမတ်တစ်ဦး၏ ဝင်ငွေသည် ယခင်တစ်နှစ်ကထက် အဆ ၂၃၀ ကျော် မြင့်တက်လာခဲ့ခြင်းနှင့် သြဇာကြီးအစိုးရအရာရှိများ၏ ဝင်ငွေကို ၎င်းတို့၏ ဇနီးများ၏ဝင်ငွေက ကျော်တက်သွားခြင်းတို့သည် တစ်မူထူးခြားသော ရလဒ်များဖြစ်ခဲ့သည်။

သမ္မတဗလာဒီမာပူတင်၏ ပုဂ္ဂိုလ်ရေးအရ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ကောလာဟလများ ထွက်ရှိနေစဉ် တရားဝင် ထုတ်ပြန်ခဲ့သည့် ဝင်ငွေသည် အသင့်အတင့်သာ ရှိခဲ့သည်။ ပူတင်သည် ၂၀၁၇ ခုနှစ်တွင် ဝင်ငွေ ဒေါ်လာ ၃၀၂,၀၀၀ (ရူဘယ် ၁၈ ဒသမ ၇ သန်း) သာ ရရှိခဲ့သည်။

၎င်း၏ ပိုင်ဆိုင်မှု ထုတ်ပြန်ရာတွင် ၇၇ စတုရန်းမီတာ (၈၂၈ စတုရန်းပေ) ရှိသည့် တိုက်ခန်းအိမ်ရာတစ်ခုနှင့် ကားဂိုဒေါင်တစ်ခုသာလျှင် ပါဝင်ခဲ့သည်။ ယခင်နှစ် စာရင်းတွင် ပါဝင်သည့် ၁,၅၀၀ စတုရန်းမီတာရှိသည့် မြေကွက်ကို အဆိုပါစာရင်းတွင် မဖော်ပြခဲ့ပေ။

ဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်က ၎င်း၏ ဝင်ငွေသည် ဒေါ်လာ ၁၃၉,၄၄၂ (ရူဘယ် ၈ ဒသမ ၅၆ သန်း)၊ တိုက်ခန်းတစ်ခန်းနှင့် ငှားရမ်းထားသော မြေကွက်တစ်ကွက်သာ ရှိသည်ဟု ဖော်ပြခဲ့သည်။ ခြစားမှုတိုက်ဖျက်ရေး လှုပ်ရှားသူ အလက်ဇီနာဗာညီကမူ မက်ဗီဒက်သည် ဇိမ်ကျသည့်ပစ္စည်းဥစ္စာ အင်ပါယာကို ရရှိထားသည်ဟု စွပ်စွဲခဲ့သည်။

ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့က ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၂၃၂,၉၄၇ (ရူဘယ် ၁၄ ဒသမ ၃ သန်း) ရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် ၎င်း၏ဇနီး အိုလံပစ်ရေခဲပြင်အကချန်ပီယံ တာတီရာနာနက်ဗကာက အစိုးရ ကန်ထရိုက်များမှ အကျိုးပြုသည့် လုပ်ငန်းနှစ်ခုကို ဦးစီးလုပ်ကိုင်နေသည်ဟု ရုရှားသတင်းအေဂျင်စီ Interfax မှ ရရှိထားသည့် အချက်အလက်များအရ သိရသည်။ ပနားမား စာရွက်စာတမ်းများတွင် အမည်ပါဝင်သည့် နက်ဗကာသည် ပြီးခဲ့သည့်နှစ်တွင် ဝင်ငွေဒေါ်လာ ၃,၂၅၈,၀၀၀ (ရူဘယ်သန်း ၂၀၀) ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်ကထက် ၆၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ယဉ်ကျေးမှုဝန်ကြီး ဗလာဒီ မာမီဒင်စကီး၏ ဇနီးဖြစ်သည့် မာရီနာမီဒင်စကာယာ၏ ဝင်ငွေသည်လည်း ခင်ပွန်း၏ ဝင်ငွေကို မှေးမှိန်စေခဲ့သည်။ မီဒင်စကာယာသည် အိမ်ခြံမြေလုပ်ငန်းနှင့် ကြော်ငြာကုမ္ပဏီများ၏ ဒါရိုက်တာဖြစ်သောကြောင့် ၎င်း၏ ဝင်ငွေမြင့်တက်ခဲ့သည်ဟု Interfax က ရရှိသည့် အချက်အလက်အရ သိရသည်။

ရုရှား၏ စီးပွားရေး အခြေအနေသည် စီးပွားရေးကျဆင်းမှုမှ အနည်းငယ်သာ နာလန်ထူခဲ့သော်လည်း ရုရှားအကြီးတန်းအရာရှိများ၏ ပျမ်းမျှမိသားစုဝင်ငွေသည် ပြီးခဲ့သည့်နှစ်ကထက် ၁၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု RBK သတင်းစာတွင် ခန့်မှန်းချက်တစ်ခု အရ သိရသည်။

ရုရှားပါလီမန်တွင် ဝင်ငွေအများဆုံးရရှိသည့် အဖွဲ့ဝင်သည် ဂရီဂိုရီအန်နီကီယက်ဖြစ်ပြီး ၎င်း၏ ၂၀၁၇ ခုနှစ်ဝင်ငွေသည် ၂၀၁၆ ခုနှစ်ကထက် ရှစ်ဆမြင့်တက်ခဲ့ပြီး ဒေါ်လာ ၇၀,၀၄၇,၀၀၀ (ရူဘယ် ၄ ဒသမ ၃ ဘီလျံ) ရရှိခဲ့သည်။

အသားစီမံထုတ်လုပ်သည့် ABI လုပ်ငန်းစု၏ ပိုင်ရှင်သည် Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ရုရှား၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၂၀၀ စာရင်းတွင် ပါဝင်ခဲ့သည်။

မှတ်တမ်းများအရ အချမ်းသာဆုံး ဥပဒေပြုလွှတ်တော်အမတ်များထဲတွင် ဆူလေမန်ကာရီမော့၏ ဝင်ငွေသည် ၂၀၁၆ ခုနှစ်ကထက် အဆ ၂၃၀ မြင့်တက်လာခဲ့သည်။ ၎င်းသည် လတ်တလောတွင် ပြင်သစ်နိုင်ငံ၌ အခွန်လိမ်လည်မှုဖြင့် စစ်ဆေးခံနေရသည်။ အသက် ၅၁ နှစ်အရွယ်ရှိ ကာရီမော့သည် French Riviera တွင် ဇိမ်ခံအဆောက်အအုံများ ဝယ်ယူမှုတွင် အခွန်တိမ်းရှောင်မှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့်နှစ်တွင် နိစ်မြို့၌ ဖမ်းဆီးခံခဲ့ရသည်။

သို့သော် ကရင်မလင်က ထုတ်ပြန်သည့်စာရင်းတွင် ပြည်ပပိုင်ဆိုင်မှုများ မပါဝင်ခဲ့ပေ။ ကာရီမော့သည် ရုရှားတွင် ၃၈ စတုရန်းမီတာရှိ တိုက်ခန်းတစ်ခန်းသာ ပိုင်ဆိုင်သည်ဟု မှတ်တမ်းအရ သိရသည်။

ခြစားမှု အရှုပ်တော်ပုံသည် ရုရှားရှိ အကြီးတန်းအရာရှိများ၊ ဝန်ကြီးများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများ ပါဝင်ပတ်သက်လေ့ရှိသည်။

အမှီအခိုကင်းသည့် Novaya Gazeta သတင်းစာတွင် ပါဝင်သည့် "Who wants to be a millionaire?" ဟု ခေါင်းစဉ်တပ်ထားသည့် အယ်ဒီတာ့အာဘော်တွင် စီမံခန့်ခွဲမှုအယ်ဒီတာ အလက်ဇီပိုလူခင်က အစိုးရအရာရှိများ၏ ဝင်ငွေထူးထူးခြားခြား မြင့်တက်လာမှုကို ဝေဖန်ခဲ့သည်။

“အစိုးရအခန်းကဏ္ဍမှာ သင်တို့ရဲ့ လစာတွေ အဆရာကျော် မြင့်တက်လာတာကို မြင်နိုင်မှာပါ” ဟု ပြီးခဲ့သည့်နှစ်ကထက် ၂၉၃ ဆ မြင့်တက်ပြီး ဒေါ်လာ ၄၇,၂၄၁,၀၀၀ (ရူဘယ် ၂ ဒသမ ၉ ဘီလျံ) ရရှိခဲ့သည့် ဒုတိယဝန်ကြီးချုပ် အလက်ဇန်ဒါခိုလိုပိုနင်၏ ဝင်ငွေကို ၎င်းက ကိုးကားရေးသားခဲ့သည်။

Ref: AFP

Most Read

Most Recent